သမိုင်းစဉ်တစ်လျှောက်လုံး တွေ့ကြုံရင်ဆိုင်လာရသည့် နိုင်ငံတော်၏ အခက်ခဲများစွာကို ပြည်သူ့တစ်မျက်နှာတည်းကိုသာကြည့်ပြီး ဖြေရှင်းဖြတ်ကျော်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၂ ရက်တွင်ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၈) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ပြောကြားလိုက်သည်။
ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အဆိုပါအခမ်းအနားကို တပ်မတော်ခေါင်းဆောင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုသမိုင်းနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်ပေါက်လာရခြင်းမှာ တပ်မတော်ဆက်စပ်ပြောင်းလဲမှုများကြောင့်ဖြစ်ကြောင်း တပ်ချုပ်ကဆိုသည်။
ကမ္ဘာ့နိုင်ငံအသီးသီး၏ တပ်မတော်အများစုသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက်လာသည့် တပ်မတော်သားများဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များသည် အခြားနိုင်ငံများနှင့် တူညီမှုမရှိကြောင်း တပ်ချုပ်ကပြောသည်။
အထူးသဖြင့် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်ဟူ၍ ကမ္ဘာသိထင်ရှားခဲ့သည့် နိုင်ငံတော်ကြီးများကို တည်ဆောက်ရာတွင် တိုင်းရင်းသားဆွေမျိုးရင်းချာများ စုပေါင်းပါဝင်သော ပြည်ထောင်စုတပ်မတော်ကြီး၏ အခန်းကဏ္ဍသည် အဓိကအသည်းနှလုံးသဖွယ် ဖြစ်ခဲ့ကြောင်းလည်းဆိုသည်။
နိုင်ငံတော်၏ အသက်အိုးအိမ် စည်းစိမ်အတွက် တပ်မတော်က ၀ံသာနုရက္ခိတတရားကို လက်ကိုင်ထား၍ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။
သမိုင်းစဉ်တစ်လျှောက်လုံး တွေ့ကြုံရင်ဆိုင်လာရသည့် နိုင်ငံတော်၏ အခက်ခဲတိုင်းကိုလည်း ပြည်သူ့တစ်မျက်နှာတည်းကိုသာ ကြည့်ပြီး ဖြေရှင်းဖြတ်ကျော်ခဲ့ကြကြောင်း တပ်ချုပ်ကပြောကြားသည်။
Iris
ပြည်မြန်မာ (15.12.2016)
