မိုးပြာဂိုဏ်းက စာအုပ်၊ စီဒီတွေ ထုတ်ဝေဖြန့်ချိရင် သာသနာရေးဝန်ကြီးဌာနက တရားစွဲမယ်
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာက စာအုပ်စာတမ်းတွေ ထုတ်ဝေဖြန့်ချိရင် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ မန္တလေး တိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးအောင်ပြည့်ဖြိုးက MCN သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။
bluresky
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ (မိုးပြာဂိုဏ်း)က စာအုပ်တွေ၊ စီဒီခွေတွေ ပြန်လည်ထုတ်ဝေဖြန့်ချိတော့မှာဖြစ်ပြီး ကန့်ကွက်လိုသူများရှိပါ က ခုနစ်ရက်အတွင်း ကန့်ကွက်ဖို့ နိုင်ငံတော်ပိုင် မြန်မာ့အလင်း သတင်းစာမှာ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီလို ကြေညာမှုနဲ့ပတ်သက်ပြီး ကြေညာသူ ဦးနေ၀င်းကို မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနက ခေါ်ယူ သတိပေးခဲ့ပြီး ထုတ်ဝေဖြန့်ချိခြင်းမပြုလုပ်ဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခဲ့ပေမယ့် ဦးနေ၀င်းက လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် သာသနာရေးဦးစီးဌာနအနေနဲ့ ထုတ်ဝေဖြန့်ချိခြင်းမပြုဖို့ တရားဝင် စာပေးပို့ခဲ့ပြီး ထုတ်ဝေမှုပြုလုပ်ပါက တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ သတင်းစာမှာ ကြေညာခဲ့သူ ဦးနေ၀င်းက တော့ ဒီလိုတားမြစ်တာကို လက်မခံဘဲ ထုတ်ဝေဖြန့်ချိမှုတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ MCN သတင်း ဌာနက သီးခြားဆက်သွယ်မေးမြန်းစဉ်မှာ ပြန်လည်ပြောဆိုခဲ့ပါတယ်။