အင်းလေး မင်းချောင်းရွာတရားပွဲ ပထမနေ့

27.12.2016 ရက်နေ့၊ မနက်ပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းရွာကို ရောက်ပါတယ်။ ကြိုဆိုကြတဲ့ လူတန်းကြီးက တော်တော်နဲ့တောင် မဆုံးနိုင်ပါဘူး။
ကားတန်း၊ ဆိုင်ကယ်တန်းနဲ့ လာကြိုကြသလို ရွာသူရွာသားတွေ ကျောင်းသူကျောင်းသားတွေလည်း မေတ္တာပို့သံပေါက်လေးတွေ ရွတ်ဆိုပြီး ကြိုဆိုနေကြတာ တွေ့ရပါတယ်။ 
တိုင်းရင်းသားဝတ်စုံ၊ ယဉ်ကျေးမှုဝတ်စုံ၊ ဓမ္မစကူးလ်ဝတ်စုံ၊ အသင်းအဖွဲ့ဝတ်စုံတွေနဲ့ ကြိုဆိုနေကြတာ မြင်ရတဲ့အတိုင်း စိတ်ချမ်းသာစရာပါ။ ဆရာတော်သံဃာတော်များအား ဖူးမြော်ပူဇော်ပြီး နှုတ်ဆက်စကားပြောပါတယ်။ ဓမ္မာသနပလ္လင်ကြီးက အမြင့်ကြီးပါ။ ရှေ့ကလည်း မတက်ရ၊ ဘေးကလည်း မတက်ရ၊ နောက်ကတက်ရတဲ့ ပလ္လင်ကြီးပါ။ ပလ္လင်ပေါ်သို့ လှေကားဖြင့် တက်ရပါတယ်။ မှန်စီရွှေချပလ္လင်ကြီးရဲ့ ခမ်းနားထည်ဝါပုံက အံ့သြဘနန်းပါပဲ။

နေ့ဆွမ်းစားပြီးချိန်မှာ ဓမ္မစကူးလ်ဆရာမများနှင့် ကျောင်းသူကျောင်းသားလေးများ သီဆိုကပြကြပါတယ်။ ညနေ ၃း၀၀ နာရီမှာ ဆည်းဆာတရားပွဲအဖြစ် ဟောကြားတာပါ။ ကျောင်းသူကျောင်းသားတွေလည်း တရားနာကြလို့ ယဉ်ကျေးလိမ္မာတရားပဲ ဟောကြားခဲ့ပါတယ်။ “ချစ်စရာကလေးတွေ ဖြစ်စေဖို့ မေတ္တာတေးတွေဆိုကြစို့” တရား ဟောကြားခဲ့တာပါ။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ ထားကြဖို့နဲ့ ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ မေတ္တာတေးလေးတွေ ကိုယ်စီဆိုတတ်အောင် ဟောကြားခဲ့တာပါ။
“ချစ်စရာလေးတွေဖြစ်စေဖို့ မေတ္တာတေးတွေ ဆိုကြစို့”
အမေရယ်၊ အဖေရယ်၊
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။
Share: