နတ်တော်လဆုတ် ၁၄ ရက် (လကွယ်)၊ 28.12.2016 မနက် ၁၀း၀၀ နာရီ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ပါတယ်။
ပြည်နယ် မဘသ ဆရာတော်များဦးစီးတဲ့ တတိယအကြိမ် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် ညီလာခံ စုံညီပွဲတော်ပါ။
မဘသ (ဗဟို)ဦးဆောင်ဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ အမှူးပြုသော အမျိုးသားရေးဝါဒီ ဒကာ ဒကာမများနှင့် တွေ့ဆုံပါတယ်။
တောင်ကြီးမြို့၊ ချမ်းသာရပ်၊ ဗောဓိကွင်းကြီးတစ်ခုလုံး တိုင်းရင်းသားဝတ်စုံများ၊ ဓမ္မစကူးလ်ဝတ်စုံမျာ၊ အဖွဲ့အစည်းဝတ်စုံများနှင့် မျိုးချစ်မောင်မယ်များ စည်ကားနေတာကို တွေ့ရပါတယ်။ ကလေးငယ်များက သီချင်းတွေဆိုလိုက်၊ အဖွဲ့လိုက် ကပြလိုက်ဖြင့် ကွင်းကြီးတစ်ခုလုံး လက်ခုပ်သံတွေ မြိုင်ဆိုင်နေပါတော့တယ်။ စတုဒိသာ ကျွေးသူက ကျွေး၊ အလှူပေးသူက ပေးနဲ့ ကလေးငယ်လေးများ ရင်ထဲမှာ ဘုရားတည်ဖို့အရေး အစဉ်အားပေးနေတာတွေ့ရပါတယ်။ ပရိသတ်စုစုပေါင်း ခြောက်ထောင်ကျော်ရှိရာ ဓမ္မစကူးလ်ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားများက သုံးထောင်လေးရာကျော် ရှိပါတယ်။ မဏ္ဍပ်လေးတွေမှာ အားပေးနေကြတဲ့ ကလေးငယ်လေးတွေကို နှုတ်ဆက်ပြီး မင်္ဂလာရာမကျောင်းတိုက်မှာ နေ့ဆွမ်းစားပါတယ်။
တတိယအကြိမ် တောင်ကြီးမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ညီလာခံကတော့ ယဉ်ကျေးလိမ္မာ ရင်သွေးရတနာများဖြင့် အင်မတန်စည်ကားနေတာပါ။ မနက် ၈း၃၀ နာရီမှ ညနေ ၄း၅၀ နာရီအထိ အလှည့်ကျ ဖျော်ဖြေတင်ဆက် ကပြကြတာပါ။ နောင် ၁၀ နှစ်ဆိုရင်တော့ တောင်ကြီးမြို့ရဲ့ အမျိုးဘာသာ သာသနာ လုံခြုံစိတ်ချရတဲ့အဆင့်ထိ ရောက်ရှိတော့မှာပါ။ ဦးပညာတိက္ခအပါအဝင် သုံးနှစ်တိုင်တိုင် ဦးစီးကျင်းပခဲ့တဲ့ တောင်ကြီးမြို့က ဆရာတော် သံဃာတော်များနှင့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်နေမိပါတော့တယ်။


