အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆) နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေများ ထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့(26.1.2017)၊ နေ့(12:00)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နဂါးနီစုဘူးအသင်းနာယက အရှင်ဇဝန၊ ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)တို့ တက်ရောက်ပြီး ဒေါ်ကြင်ကြင်မြိုင်မှ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲပြီးနောက် အသင်းဝင် (၁၃၀)ဦးတို့အား (၁)သိန်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။

အောင်သာယာ နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် (၆)ခုမြောက်စုဘူးဖြစ်ပါသည်။ (၂.၁.၂၀၁၆) ရက်နေ့တွင် ဦးရေ(၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ရာ ယခုအခါ အသင်းဝင်ပေါင်း (၁၃၀)ဦးရှိလာပြီး အားလုံးမှာ တစ်သိန်းတန်းများ ဖြစ်ကြပါသည်။ ဆရာတော်အနေဖြင့် စုဘူးတစ်ခုစီအတွက် ကျပ် သိန်း(၁၀၀)အထိ အရင်းနှီးစိုက်ထုတ်၍ လှူးဒါန်းသွား ရည်ရွယ်ထားကြောင်းလည်း သိရသည်။

နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါသည်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် သုံးစွဲပြီး ရရှိလာသော အမြတ်ငွေများကို တခြားစုဘူးအတွက်သုံးစွဲခြင်းမရှိဘဲ သက်ဆိုင်ရာ စုဘူး၌သာ ပြန်လည်သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။ 
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
“နဂါးစုဘူးနီ ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)



Share: