အင်းလေးဖောင်တော်ဦးဘုရားဖူး

ပြာသိုလဆန်း (၁)ရက်၊ 29.12.2016 မနက် အရုဏ်ဆွမ်းအပြီးမှာ မင်းကျောင်းဆရာတော်လေး ဦးပညာဇောတနှင့်အတူ ဖောင်တော်ဦးဘုရားသို့ စက်လှေဖြင့် လာခဲ့ကြပါတယ်။ ဝံသာနုရက္ခိတလူငယ်အဖွဲ့မှ ကိုဝင်းဇော်ဦးတို့လည်း ပါလာပါတယ်။ 
အင်းလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်တုန်းက ရောက်ခဲ့ဖူးပါတယ်။ အခု ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလို့လာပါပြီ။ အင်းလေးကန်မှာ စက်လှေစီးရင်း ရေငွေ့လေ ရှုရှိုတ်ရတာ အရသာရှိပါတယ်။ လတ်ဆတ်တဲ့ ရေခိုးရေငွေ့ပါတဲ့ လေကောင်းလေသန့်ပါ။ 

ဖောင်တော်ဦးဘုရားမှာ ပန်းတော်တင်၊ သင်္ကန်းတော်ကပ်ပြီး အဖွဲ့နှင့်အတူ အနေကဇာတင် ကုသိုလ်ယူပါတယ်။ ဖောင်တော်ဦးဘုရားကုန်းတော်ကို စက်လှေဖြင့် သွားကြည့်ခဲ့ပါတယ်။ စက်ပစ္စည်းတွေထွန်းကားလာတော့ ခြေထောက်နဲ့လှေလှော်တဲ့ အင်းလေးယဉ်ကျေးမှုတွေ အတော်နည်းပါးသွားပါပြီ။ လမ်းတစ်လျှောက်မှာ စက်လှေတွေသာတွေ့ရပြီး ဖော်တော်ဦးနားမှာတော့ လှော်လှေတွေကို တစ်စင်းစ နှစ်စင်းစပဲ တွေ့ရပါတော့တယ်။

အဲဒီနောက် ကြောင်ခုန်ကျောင်းလို့ နာမည်ကြီးတဲ့ ငါးဖယ်ချောင်းရွာကျောင်းကို ရောက်ရှိခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော်က မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်းတစ်ပါးပါ။ နိုင်ငံခြားသားကြီးတွေကတော့ ကမ္ဘာကျော်လူကြမ်းကြီးကို သိပုံရပါတယ်။ ကင်မရာတွေနဲ့ မလွတ်တမ်း ရိုက်နေတာ တွေ့ရလို့ပါ။ အပြန်မှာ မြွေပွေးရွှေပြည်သာရွာကို ဝင်ပါတယ်။ ရွှေပြည်သာကျောင်းမှာ နေ့ဆွမ်းစားပါတယ်။ ရွှေပြည်သာကျောင်းဆရာတော်လေး ဦးမေဓာဝီက ဗဟန်းဝိသုဒ္ဓါရုံ ယောဆရာတော်ကြီးရဲ့ တပည့်ရင်းပါ။ ရွှေပြည်သာကျောင်းမှာ နေ့ဆွမ်းစားပြီး ကိုရင်လေးတွေကို သြဝါဒပေးပါတယ်။

ညနေမှာ မင်းချောင်းရွာသူ ရွာသားများကို နှုတ်ဆက်ရင်း နမောတဿဘုရားရှိခိုး သတိရတိုင်းရွတ်ကြဖို့ နမောတဿ တန်ခိုးကြီးပုံကို ဟောကြားခဲ့ပါတယ်။ မင်းချောင်းရွာ မင်းကျောင်းဆရာတော်လေး ဦးပညာဇောတကလည်း ဗဟန်းဝိသုဒ္ဓါရုံ ယောဆရတော်ကြီးရဲ့တပည့်ပါပဲ။  
သာသနဓဇဓမ္မာစရိယဘွဲ့ရတာ ဆယ်နှစ်တောင်ကျော်ပါပြီ။ အင်လေး မဘသ အကျိုးတော်ဆောင်ဆရာတော်လေးပါ။ ဓမ္မစကူးလ် ၁၂ ဌာနကို အင်းလေး မဘသ ဆရာတော်များနှင့် ပူးပေါင်းဦးဆောင်နေတဲ့ ဆရာတော်လေးပါ။ ဟဲဟိုးမှတစ်ဆင့် ရန်ကုန်သို့ ခရီးဆက်ခဲ့ပါတယ်။





Share: