
တပို့တွဲလဆန်း ၂ ရက်၊ 29.1.2017 ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ ဝပ်စီမိန် ထိုင်းဘုန်းတော်ကြီးကျောင်းတိုက်မှာ ကျင်းပတဲ့ ဆွမ်းတော်ကြီးလောင်းလှူပွဲပါ။
ဝပ်စီမိန်ဆရာတော်ကြီးရယ်၊ စာရေးသူရယ်၊ တာမွေ မဘသ အရှင်ဝဏ္ဏိတ(အမျိုးသားရေး)ဆရာတော်ရယ်၊ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ရှင်ဓမ္မနွယ်နှင့် အရှင်မဏ္ဍလရယ် တန်းစီဆွမ်းခံကြွပါတယ်။
ခေါက်ဆွဲခြောက်နှင့် ဆွမ်းဆန်တော်များ လောင်းလှူကြတဲ့အပြင် ဘတ်ငွေများလည်း လောင်းလှူကြပါတယ်။ ငွေဆွမ်းလောင်းလှူပွဲလို့ ခေါ်ဝေါ်ကြကြောင်း သိရပါတယ်။ လူတန်းကြီးက မဆုံးနိုင်အောင်ပါပဲ။ အချိန်ကြာကြာဆွမ်းခံဖူးတာနှင့် ငွေအမြောက်အများ လောင်းလှူကြတာ ဒီတစ်ခါပဲ ကြုံဖူးတာပါ။ ထိုင်းနိုင်ငံရောက် အမျိုးတွေရဲ့ စေတနာ သဒ္ဓါတရား ပြယုဂ်ပါပဲ။ မန်း မဟော်သဓာ ပညာရေးငွေပဒေသာပင် ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲအတွက် လာတာပါ။ ငွေဆွမ်းလောင်းပွဲတစ်ခုတည်းနဲ့တင် အမျိုးတွေရဲ့ စေတနာ သဒ္ဓါတရားကို လေးစားနေမိပါတော့တယ်။
မဟာချိုင်ရောက် တစ်ရာကျော်သော ပရဟိတအဖွဲ့အစည်းများနှင့်အတူ ပြည်သူများအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆွမ်းလောင်းတိုင်း မေတ္တာပို့ဖြစ်ခဲ့ပါတယ်။ ဆွမ်းလောင်းသူဦးရေ ငါးရာဆိုရင် မေတ္တာပို့ကြိမ် ငါးရာပါပဲ။ စာရေးသူကလည်း မေတ္တာအလှူတော် ပေးဖြစ်ခဲ့လို့ ကျေးဇူးပါအမျိုးတို့ရာ။

