ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (29.1.2017)ရက်နေ့၊ မနက်(၈း၀၀)နာရီ၊ ဆ ရပ်ကွက်၊ ဂျပန်ကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နဂါးနီစုဘူး တာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်ကြည်ကြည်မာ (ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)နှင့် ဒေါ်တင်ဆန်းတို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ၊ နာယက အရှင်ဇဝနနှင့် ဒေါ်ကြင်ကြင်မြိုင်တို့က အသိပညာပေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲပြီးနောက် အသင်းဝင်(၁၅၂)ဦးတို့အား တစ်သိန်းခွဲကျပ်စီ၊ (၅၉)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။
ဆ ရပ်ကွက်နဂါးနီစုဘူးသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် ပထမဦးဆုံး စုဘူးဖြစ်ပြီး ဆရာတော်မှ (၁.၉.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)အတွက် (၅)သောင်းကျပ်စီ (၂၅)သိန်းမတည်၍ တည်ထောင်ပေးခဲ့သည်ဟု သိရပါသည်။ ယခုအခါ အသင်းဝင်(၂၁၁)ဦးရှိပြီး တစ်သိန်းခွဲတန်း(၁၅၂)ဦး၊ ငါးသောင်းတန်း(၅၉)ဦးဖြစ်ပါသည်။ ဆရာတော်အနေဖြင့် ရပ်ကွက်တခုအတွက် သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါသည်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် သုံးစွဲပြီး ရရှိလာသော အမြတ်ငွေများကို တခြားစုဘူးအတွက်သုံးစွဲခြင်းမရှိဘဲ သက်ဆိုင်ရာ စုဘူး၌သာ ပြန်လည်သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးစုဘူးနီ ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)


Share: