၂ဝဝဝ ခုနှစ်ကဖြစ်သည်။ စာရေးသူနှင့် ဝါဆိုဆရာတော်ကြီးတို့ ဆုံဖြစ်ကြသည်။ မဟာစည် ဦးထွန်းသိန်းနေအိမ် ဆွမ်းကပ်ပွဲမှာ ဖြစ်သည်။
ဝါဆိုဆရာတော်ကြီးရယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးရယ်၊ ဓမ္မသမိဒ္ဓိဆရာတော် ရယ်၊ စာရေးသူရယ် ဆွမ်းတစ်ဝိုင်းတည်းမှာ ဆုံခဲ့ကြခြင်းဖြစ်၏။
ထိုစဉ်က ဝီရသူ(မစိုးရိမ်)ကလောင်အမည်ဖြင့် ထေရဝါဒတိုက်ပွဲစာအုပ် ထွက်ပြီးကာစဖြစ်၏။ ဝါဆိုဆရာတော်ကြီးအား မဖူးမြော်ဘူးသော်လည်း ၄င်းစာအုပ်ကို လူကြုံဖြင့် လှူဒါန်းဖူးပါသည်။ ဝါဆိုဆရာတော်ကြီးက သဘောကျကြောင်း ထောက်ခံအားပေးကြောင်း တစ်ဆင့်ပြန်ကြားရ၏။
ယခုဆွမ်းကပ်ပွဲမှာတွေ့သောအခါ ဝါဆိုဆရာတော်ကြီးက စာရေးသူ၏ လက်ကလေးကိုင်ကြည့်တော်မူပါသည်။ ၄င်းနောက် ဓမ္မသမိဒ္ဓိဆရာတော်အား ဝါဆိုဆရာတော်ကြီးက ''ဝါသေဋ္ဌ မင်းလက်ကကြီးတယ်။ ဒါပေမဲ့ ဝီရသူလက်ကို မမီဘူး'' ဟု မိန့်တော်မူပါသည်။ လက်ဝါးချင်းကို ရည်ရွယ်သည်မဟုတ်ပါ။ ကလောင်ကိုင်လက်ကို ရည်ရွယ်ခြင်းဖြစ်ပါသည်။
စာရေးသူ အိုးဘိုတက္ကသိုလ်မှာ နေရစဉ် ဝါဆိုဆရာတော်ကြီးက စာရေးသူလွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားတော်မူပါသည်။ နိုင်ငံ့အကြီးအကဲ များထံ ကိုယ်တိုင်စာရေး၍ လက်မှတ်ထိုးကာ မေတ္တာရပ်ခံတော်မူခဲ့ပါသည်။ ထောင်ဝင်စာလာတွေ့သည့် တပည့်လေးများမှတစ်ဆင့် စားစရာများလည်း ပေးပို့ထောက်ပံ့တော်မူပါသည်။
အိုးဘိုအကျဉ်းဦးစီးဌာနကထိန်ပွဲတွင် ဝါဆိုဆရာတော်ကြီးကြွလာပါသည်။ စာရေးသူတို့ ဆရာတပည့်များ တရားနာကြပါသည်။ ဆရာတော်ကြီးက စာရေးသူတို့ ဆရာတပည့်ကို ထိုင်ခုံပေါ်မှ စူးစမ်းရှာဖွေနေသည်ကို တွေ့ရပါသည်။ စာရေးသူက အားနာ၍ သွားရောက်နှုတ်ဆက်ခြင်း မပြုခဲ့ပါ။ အကျဉ်းသားဝတ်စုံနှင့်လည်းဖြစ်နေ၊ ထောင်ပိုင်ကြီးကလည်း ရှိနေ၍ မကပ်ဝံ့ခြင်းလည်း ဖြစ်ပါသည်။
စာရေးသူ၏ဆရာ မင်းကုန်းဆရာတော်က လက်အုပ်ချီကာ ''တပည့်တော် ဇနိတပါဘုရား'' ဟု လျှောက်ပါသည်။ ဆရာတော်ကြီးက တစ်ချက်ကြည့်ပြီး ဟိုဘက်လှည့်သွားပါသည်။ စာသင်တိုက် အဓိပတိ ဆရာတော်တစ်ပါးကို အကျဉ်းသားဝတ်စုံနှင့် မြင်လိုက်ရ၍ စိတ်ထိခိုက်သွားပုံပေါ်ပါသည်။
၎င်းနောက် ထောင်ပိုင်ကြီးက စာရေးသူကို လှမ်းခေါ်ပါသည်။ စာရေးသူရောက်သည့်အခါ ဆရာတော်ကြီးက ''မင့်းဒကာမကြီးကို ငါစာရေးပေးထားတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံလည်း ငါစာရေးပို့ထားတယ်'' ဟု ပြောကာ အသံတိမ်ဝင်သွားပါသည်။ လက်ကိုင်ပုဝါဖြင့် မျက်ရည်များသုတ်ကာ နှာညှစ်တော်မူလျက် အသံမထွက်တော့ပါ။ တစ်လုံးစ နှစ်လုံးစသာ ပြောဆိုနိုင်ပါတော့သည်။ ထောင်ပိုင်ကြီးက စာရေးသူကို လက်ခါပြ၍ ပြန်လွှတ်သောကြောင့် စာရေးသူ ပရိသတ်ထဲ ပြန်လာခဲ့ပါသည်။
ကထိန်တရားပွဲအပြီးတွင် ''သာသနာပိုင်ကျသည့်မျက်ရည်'' ခေါင်းစဉ်ဖြင့် စာရေးဆရာများ ရေးသားကြပါသည်။ ၄င်းစကား ရေပန်းစားသွားပါသည်။ သာသနာပိုင်ကျသည့် မျက်ရည်ဟူသော စကားဖြစ်ပါသည်။
၂ဝ၁၁ ခုနှစ်တွင် စာရေးသူမြစ်ကြီးနားပြောင်းရပါသည်။ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲနေပါသည်။ ဆရာတော်ကြီး ကိုယ်တိုင်ထောင်ပိုင်ထံ စာရေးပေးပါသည်။ အဆင်ပြေသွားပါသည်။
၂ဝ၁၂ ခုနှစ်တွင် စာရေးသူ ပြန်လည်လွတ်မြောက်လာပါသည်။ ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ခဲ့ပါသည်။ သင်္ကန်းမဝတ်ရသေးပါ။ အကျဉ်းထောင်မှာနေရစဉ် ဝတ်ဆင်ခဲ့သော ဖိုးသူတော်ဝတ်စုံဖြင့် သွားရောက်ဖူးမြော်ခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးက ဝမ်းသာအားရ ကြိုဆိုသော်လည်း မကြည့်ရက်၍ သင်္ကန်းဝတ်ခိုင်းပါသည်။ ဆရာတော်ကြီးကို လေးစားကြည်ညို၍ ဆရာတော်ကြီး စွန့်တော်မူသည့် သင်္ကန်းကို ဝတ်ဆင်ခဲ့ပါသည်။
စာရေးသူကို နယူးယောက်တိုင်းမဂ္ဂဇင်းက အကြမ်းဖက်သမားစွပ်စွဲသည့်အခါ ဆရာတော်ကြီးက စာရေးသား တုန့်ပြန်ပါသည်။ စာရေးသူတို့ မန်း မ.ဘ.သ ဖွဲ့စည်းသည့်အခါ အားပေးချီးမြှောက် တော်မူပါသည်။ စာရေးသူတို့ ၂ဝ၁၃ မှာ အတုမရှိညီလာခံ ကျင်းပသည့်အခါ သဝဏ်လွှာရေးသား ချီးမြှောက်တော်မူပါသည်။
ဆရာတော်ကြီးမွေးနေ့တိုင်း စာရေးသူရောက်ပါသည်။ ဆရာတော်ကြီးနှင့် တန်းတူထိုင်ခိုင်းပါသည်။ မထိုင်ဝံ့ပါ။ ဆရာတော်ကြီး မကျန်းမာတိုင်း၊ ဆေးရုံတက်တိုင်း စာရေးသူရောက်ပါသည်။ ဗောဇ္ဈင်သုတ်ရွတ်ဖတ်ပူဇော်သည့်အခါ သာဓုအကျယ်ကြီးခေါ်ပါသည်။ ယခု ဆရာတော်ကြီး ပျံလွန်တော်မူပါပြီ။
သက်တော်(၁ဝဝ)၊ သိက္ခာတော်(၈၁)ဝါတွင် ပျံလွန်တော်မူခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် နတ်ပြည်နတ်ရွာမှ မြန်မာပြည်၏ အမျိုးဘာသာ သာသနာကို ဆက်လက်စောင့်ရှောက်တော်မူလိမ့်မည်ဟု ယုံကြည်မိပါသည်။
တပည့်
ဝီရသူ(မစိုးရိမ်)
17.2.2017
AM-10:00
ဝီရသူ(မစိုးရိမ်)
17.2.2017
AM-10:00
