စစ်တွေ၊ ဖေဖော်ဝါရီ ၁၃
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုချိုးဖောက်ခဲ့သည်ဟုဆိုကာ ရခိုင်ပြည်နယ် လဝကဦးစီးမှူးဦးဝင်းလွင်ကို ရုံးတင်စစ်ဆေးပေးရန်အတွက် စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီက ဆန္ဒပြတောင်းဆိုလိုက်သည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က စစ်တွေမြို့၊ ဝင်္ကပါကွင်းမှ စတင်ကာ မြို့တွင်းလမ်းတချို့တွင် လမ်းလျှောက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
”၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ချိုးဖောက်တဲ့အတွက် တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်သည့် ဒီအမှုကို တရားရုံးတင်စစ်ဆေးပြီးတော့ ပြစ်မှုကျူးလွန်တဲ့ ရခိုင်ပြည်နယ် လဝကဦးစီးမှူး ဦးဝင်းလွင်ကိုသူ ကျူးလွန်တဲ့ပြစ်မှုအတိုင်း အရေးယူအပြစ်ပေးဖို့ နံပါတ်(၁)ဦးစားပေးအနေနဲ့ အခုလို ဆန္ဒထုတ်ဖော် ရတာဖြစ်ပါတယ်” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးအောင်သန်းဝေက ပြောသည်။ ရခိုင်ပြည်နယ်လဝကဦးစီးမှူး ဦးဝင်းလွင်သည် ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီအတွင်းက ဘူးသီးတောင်မြို့နယ်မှ နိုင်ငံသားမိဘနှစ်ပါးမဟုတ်သော မူဟာမတ်အဏ္ဏဝါနှင့် ဇနီးလော်တီဖာဂျာဟန်တို့၏သမီး မြနန္ဒာခင်အား ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်မညီဘဲ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကတ်ပြားကို လက်မှတ်ရေးထိုးထုတ် ပေးခဲ့ကြောင်း ဆန္ဒပြအဖွဲ့ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လဝကဦးစီးမှူး ဦးဝင်းလွင်ကို စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီမှ တရားစွဲအဖွဲ့ခေါင်းဆောင်ဦးအောင်သန်းဝေက တရားလိုပြုလုပ်ကာ ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလတွင် တရားစွဲဆိုခဲ့သော်လည်း ယခုထိရုံးတင်စစ် ဆေးခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆန္ဒပြ ရခြင်းဖြစ်သည်ဟုလည်းဆိုသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လဝကဦးစီးမှူး ဦးဝင်းလွင်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။ အဆိုပါဆန္ဒထုတ်ဖော်ပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒထုတ်ဖော်ရာတွင် လူအင်အား ၅ဝဝ ခန့်ပါဝင်ခဲ့ကြောင်းလည်းသိရသည်။

13.1.2017 - Democracy Today