ဦးစောလွင်သို့ အလွမ်းပြေ

ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးစောလွင် (ခ) ဦးဌေးအောင် ကွယ်လွန်ကြောင်း သိလိုက်ရလို့ ဦးဌေးအောင်နှင့်ပတ်သက်ပြီး ရေးသားခဲ့သည်များကို ရှာဖွေ၍ ပြန်လည်တင်ပြလိုက်ပါတယ်။
၂၀၁၃ ဧပြီလ ၁၂ ရက်နေ့မှာ တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးပါ။
------------------------------------------------------------------------------------------------------
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း အပိုင်း (၄)”
===========================
ကျန်ုပ် အိုးဘိုထောင်မှာနေရစဉ်က ဖြစ်သည်။ ဦးစောလွင်ဆိုသည့် မူစလင်ကြီးတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရလေသည်။
ဦးစောလွင်သည် ကယန်းပြည်သစ်ပါတီမှ အတွင်းရေးမှူးဖြစ်ပြီး၊အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်လေသည်။ ဦးစောလွင်သည် ငယ်စဉ်ကတည်းကပင် နိုင်ငံရေးနယ်ပယ်သို့ရောက်ရှိခဲ့သူဖြစ်ရာ စာပေ၊ နိုင်ငံရေး၊ အင်္ဂလိပ်စာ၊ ဘာသာရေး၊ အထွေထွေဗဟုသုတ ပြည့်စုံခဲ့လေသည်။
ကျွန်ုပ်သည် ဦးစောလွင်နှင့် နိုင်ငံရေးလည်းဆွေးနွေး၏။ ဘာသာရေးလည်း ဆွေးနွေး၏။ စာအကြောင်း ကဗျာအကြောင်းလည်း ဆွေးနွေး၏။ ကျွန်ုပ်ရေးသောစာမူကြမ်းများကို ဝေဖန်ထောက်ပြသော သူ၏အချက်အလက်များကို လေးစားမိ၏။
သူသည် မူစလင်ဖြစ်သောကြောင့် ၀က်သားမစားသော်လည်း ထောင်မှဝက်သားကျွေးလို၍ ၀က်သားမစားသူစာရင်း ကောက်သည့်အခါ သူက စာရင်းမပေးဘဲနေလေသည်။ သူ့ခွဲတမ်းဝက်သားကို အတူနေအခန်းသားများအား ကျွေး၏။ ထမင်းတစ်ဝိုင်းတည်း အတူစား၏။ ကျွန်ုပ်က ထောင်ဝင်စာလာတိုင်း ကြက်ကြော်နှင့် ငါးကြော်များ ပေး၏။
သူသည် ကျွန်ုပ်၏သူငယ်ချင်း ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို အင်္ဂလိပ်စာ ပို့ချပေး၏။ ဓမ္မပဒ ၀တ္ထုများကို အင်္ဂလိပ်လို ပို့ချပေးခြင်း ဖြစ်လေသည်။ ကျွန်ုပ်နှင့်အတူနေ ကပ္ပိယလူငယ်လေးက သူ့ထံစာတက်ချင်၍ ကျွန်ုပ်ထံခွင့်တောင်းရာ ကျွန်ုပ်က လိုလားစွာပင် ခွင့်ပြုခဲ့လေသည်။ မူစလင် တစ်ယောက်ထံ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး ဘုန်းကြီးကျောင်းသားလေး တစ်ယောက် စာတက်ရမည်ဖြစ်သောကြောင့် ကျွန်ုပ်ခွင့်မပြုမည်ကို စိုးရိမ်ပုံရ၏။ လိုလားစွာခွင့်ပြုသည့်အခါ အားလုံးက အံ့အားသင့် နေကြလေသည်။
ကျွန်ုပ်၏ ကပ္ပိယလေးက အခါကြီးရက်ကြီးရောက်တိုင်း သူ့ဆရာဦးစောလွင်ကို ကန်တော့၏။ မူစလင်ကြီး ဦးစောလွင်က ဆုတွေတစ်သီကြီးပေးလေသည်။
ဦးစောလွင်သည် ကျွန်ုပ်နှင့်အရင်းနီးဆုံးဖြစ်ရာ အဘိဓမ္မာသဘောတရားများကို ကျွန်ုပ်ထံ အမြဲမေးမြန်းလေသည်။ မြေကြီးပေါ် တုတ်နှင့်ခြစ်ပြီးရှင်းပြရ၏။ သူနားလည်သွားသည့်အခါတိုင်း “ကျေးဇူးတင်ပါတယ် ဆရာတော်”ဟု အားရလှိုက်လှဲစွာပြောဆိုတတ်လေသည်။
ထောင်ဝင်စာပြန်တိုင်း သတင်းပါလာတတ်သောကျွန်ုပ်အား အမြဲတမ်းစောင့်ကြိုလေ့ရှိ၏။ တိုက်ရေး ခိုက်ရေးသတင်းများပါလျှင် သူပုန်ပီပီ လက်မထောင်ပြီး ဂုဏ်ယူအားပေးတတ်လေသည်။ ကျွန်ုပ်သတင်းကို အကြောင်းပြုပြီး ကျွန်ုပ်အားပြန်လည်တိုက်ခိုက်တတ်သော တပ်ရင်းမှူးဘ၀မှ ကျလာသော အကျဉ်းသားကြီးဆိုလျှင် သူ…အလွန်မုန်းလေသည်။ အဆိုပါစစ်ခွေးကြီးမသိအောင် အချင်းချင်းသာ လျှို့ဝှက်သတင်းပေးဖို့ တိုက်တွန်းရှာ၏။ ကျွန်ုပ်ထိလျှင် မခံချင်သောကြောင့်ဟု ပြောလေသည်။
ထို့အပြင် အဆိုပါစစ်ခွေးကြီး ရန်တိုက်ပေးသည်ကို ရန်တိုက်ပေးမှန်းမသိဘဲ ကျွန်ုပ်အား စော်ကား မော်ကားပြုလာသော လူငယ်လေးများကို သူ…လုံးဝစကားမပြောပေ။ “ဘာကောင်လဲကွ ဒီကောင်ရိုင်းလှချည်လား”…ဟု ပြောလေ့ရှိ၏။
သူတို့က ကျွန်ုပ်ထက် သုံးလစော၍ လွတ်လေသည်။ သူတို့အဖွဲ့ လွတ်သတင်းကြားရသည့်အခါ ကျွန်ုပ်ပျော်မြူးသွားမိ၏။ ထိုအချိန်တွင် ကျွန်ုပ်သည်မြစ်ကြီးနားသို့ ရောက်နေပြီ ဖြစ်လေသည်။
ကျွန်ုပ်လွတ်သည့်အခါ ဖုန်းဆက်၍ ၀မ်းသာစကားပြောရှာ၏။ 2012-ခု၊ ဧပြီလ၊ 10 ရက်နေ့တွင် ကျင်းပသော ကယန်းအမျိုးသားနေ့ကို ကျွန်ုပ်အား ဖိတ်ကြား၏။ ကရင်ပြည်နယ်၊ သောက်ရေခပ် ကျေးရွာတွင် ကျင်းပခြင်းဖြစ်လေသည်။ ဒုတိယပင်လုံညီလာခံဟုပင် တင်စားမိ၏။ တိုင်းရင်းသားဝတ်စုံများ မြင်တွေ့ရသည်မှာ ကြည်နူးစရာ။ တစ်နိုင်ငံလုံးရှိ နိုင်ငံရေးအဖွဲ့အစည်းများ စုံလင်လှ၏။ ပျော်စရာပင်ကောင်းနေသေးတော့၏။ ခရစ်ယာန်ဘုန်းကြီးများကလည်း ဆက်ဆံရေးကောင်း၏။ တိုင်းရင်းသားများကလည်း ဖော်ရွေ၏။ ကယန်းပြည်သစ်ပါတီကလည်း ဧည့်ဝတ်ကျေပွန်၏။
ညအခါ ကယန်းအလှ၊ ကယန်းအကများကို ခံစားမိခဲ့၏။ မင်းကိုနိုင်တို့ရော မြအေးတို့ရော အစုံအလင်ပွဲကြည့်ကြလေသည်။ ပျော်စရာပင် ကောင်းနေသေးတော့၏။
ကယန်းစာပေနှင့် ယဉ်ကျေးမှုအတွက် ကျွန်ုပ်က(၅) သိန်းကျပ်လှူသည်။ ကျွန်ုပ်အစား ကျွန်ုပ်၏ မိတ်ဆွေ မူစလင်ကြီး ဦးစောလွင်က အလှူငွေပေးအပ်ကာ ကယန်းဥက္ကဋ္ဌက လက်ခံပေးလေသည်။
အခါအခွင့်သင့်တိုင်း ကျွန်ုပ်အားဖုန်းဆက်၍အားပေးကာ ကျွန်ုပ်အတွက်စာအုပ်များ လူကြုံပါး၍ လှမ်းလှူလေ့ရှိပေသည်။
ယ္ခုနှစ်ကျင်းပသည့် ကယန်းအမျိုးသားနေ့ကိုလည်း ဦးစောလွင်က ဖိတ်ရှာသေး၏။ 2012-ခုနှစ်ကလို လူကြုံမရှိ၊ ကားကြုံမရှိ၊ လမ်းလည်းမကြုံကြိုက်၍ မသွားဖြစ်တော့ပေ။ 2012-ခုအခမ်းအနားကို ယ္ခုနှစ် ဧပြီလ 8-9 ရက်နေ့များတွင် ပြန်လည်ထုတ်လွှင့်ပြသသည်ကို ကြည့်ရသည့်အခါ သောက်ရေ ခပ်ကိုလည်း လွမ်းမိပေသည်။ ကယန်းတိုင်းရင်းသား/သူတွေကိုလည်း လွမ်းမိပေသည်။ ကျွန်ုပ်၏ မိတ်ဆွေ မူစလင်ကြီးဦးစောလွင်ကိုလည်း လွမ်းတမ်းတမိလေသည်။
အမှန်အားဖြင့် ဘာသာမတူ လူမျိုးမတူရုံမျှဖြင့် ရန်သူဟု သတ်မှတ်၍မရ။ လူကိုလူလို မြင်အောင်မကြည့်နိုင်ခြင်းသည်သာ ရန်သူအစစ်ဖြစ်လေသတည်း။
ဝီရသူ (မစိုးရိမ်)
(10-4-2013 PM 9:45)
https://www.facebook.com/notes/247373268739522/



Share: