ငှက်တွေတော့ အကျနာဦးမယ်

“မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ၊ ငါ့အလှည့်ကျ မိုးကြိုးပါပစ်ချမယ်”ဆိုတဲ့ အာဃာတတွေနဲ့ နေရာရလာခဲ့သူတွေဖြစ်နေလို့ တိုင်းပြည်တော့ ကျိန်စာသင့်ဦးမှာပါပဲ။
ဖေ့ဘွတ်ခ်ပေါ်မှာ ရေးနေတာတွေကို လုပ်လောက်၏ မလုပ်လောက်၏၊ လုပ်သင့်၏ မလုပ်သင့်၏၊ လုပ်ကောင်း၏ မလုပ်ကောင်း၏ဆိုတဲ့ သဘောလေးကိုတောင် စဉ်းစားတွေးခေါ်နိုင်ကြပုံမပေါ်ပါဘူး။
စစ်အစိုးရတုန်းက တစ်ခုခုဖြစ်ရင် သေနတ်ကလေးကိုစမ်းပြီး “ငါ လုပ်လိုက်ရ”ဆိုတာမျိုး ကြိမ်းခဲ့ကြသလို အခုအစိုးရလက်ထက်မှာကျတော့ အိတ်ထောင်ကလေးနှိုက်ပြီး “ငါ လုပ်လိုက်ရ”ဆိုတာမျိုး ကြိမ်းမောင်းတာ တွေ့ကြုံနေရပြန်ပါတယ်။ အောင်နက်နဲ့ ဂုတ်ကြား(ကုတ်ကြား) ဘယ်ကွာပါ့မလဲနော် - - ။ ပထမတော့ ပစ်မှတ်က အသေးလေးဖြစ်နေလို့ လက်နက်အသေးလေးနဲ့ ထုလိုက်တယ်။ လက်နက်အသေးနဲ့ ထုမရလို့ စလာကာဗုံးကို သုံးရတော့တယ်။ အရှင်းကြီးပါ ငှက်ဆိုးတွေရာ - - ။ 
ကလေးတစ်ယောက်ကို ထောင်ချဖို့ ကလေးတစ်ယောက်ကို တရားစွဲခိုင်းတယ်။ ကလေး ကလေးချင်း အလုပ်မဖြစ်တော့ လူကြီးတွေပါ အုံလိုက် ကျင်းလိုက် ၀င်ကူရတယ်။ ပါတီဥက္ကဋ္ဌတွေကလည်း ရဲစခန်းသွား ဖိအားပေး။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရဲစခန်းသွားဖိအားပေးနဲ့ မလျော်သြဇာသုံးကြတာတွေဟာ မယ်မယ်ကြီးပြောတဲ့ တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်နေကြတာလား။
ပြောတော့ အရပ်သားအစိုးရတဲ့ ကိုင်ဆွဲထားတာတွေက အာဏာရှင်ပုဒ်မတွေချည်း ဖြစ်နေတယ်။ ၂၀/၉၀ ဟာလည်း စောမောင်ဥပဒေပဲ။ ဒီဥပဒေနဲ့ မဘသကို ဖြိုခွင်းဖို့ သံဃာတော်တွေ ဆန္ဒပြခွင့် ပိတ်ပင်ဖို့ ကြံစည်ခဲ့ကြပြီးပြီ မဟုတ်လား။ ၉၆ ဗွီဒီယို အက်ဥပဒေဟာလည်း စစ်အစိုးရဥပဒေပဲ။ ဒီဥပဒေနဲ့ တရားခွေတွေကိုပါ မရှောင် လိုက်လံ ဖမ်းဆီးခဲ့ကြပြီ မဟုတ်လား။ ၆၆(ဃ) ဟာလည်း အာဏာရှင်ဟောင်း ဥပဒေပဲ။ ဒီဥပဒေနဲ့ ကလေးသူငယ်ကိုတောင်မရှောင် ထောင်ချမလို့ ကြံစည်နေကြတာ မဟုတ်လား။ တက်လာကတည်းက ပြည်သူကောင်းစားရေး ဦးစားမပေးဘဲ ငါကောင်းစားရေးအတွက်ပဲ ဥပဒေတွေကို ပြင်ဆင်နေကြတာ။ သတိထားပေါ့ဗျာ- - ။

လွန်လာပြီဆိုရင် ပြည်သူတွေဟာ သေနတ်ပြောင်းဝကိုတောင် ထည့်တွက်တဲ့သူတွေ မဟုတ်ဘူးဆိုတာ တစ်ချိန်ချိန်မှာ ကိုယ်တွေ့ ပြန်လည်ကြုံကြရမှာပါ။ 
ရင်ဆိုင်လိုက်ပါ ကလေးရယ် - - ။

ဘုရင့်သားတော်လေးက အချုပ်ခန်းထဲရောက်သွားပြီ၊ သူတောင်းစားလေးက နန်းတော်ထဲရောက်သွားခဲ့ဖူးတဲ့ အင်္ဂလိပ်ပုံပြင်ထဲက ဘုရင့်သားတော်လေး အများကြီးအတွေ့အကြုံရခဲ့သလိုမျိုး ဘ၀တက္ကသိုလ်မှာ တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေနဲ့ မိန်းကလေးရဲ့ဘ၀ကို အပီအပြင်ဆုံး ပုံဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် မိန်းကလေး - - ။

ဝီရသူ-မစိုးရိမ်
29.11.2016
9:29 PM



Share: