ဒီနေ့ နတ်တော်လဆန်း (၁) ရက်၊ 30.11.2016 ဗုဒ္ဓဟူးနေ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ မနက် ၈း၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းနှင့် ခဲဘွယ်များ လောင်းလှူကြပါတယ်။
မနက် ၉း၄၅ နာရီမှာ အခမ်းအနား ကျင်းပပါတယ်။ မစိုးရိမ်တိုက်ကြီးမှ မဟာနာယက အဂ္ဂါဘိဓဇ ဆရာတော်ကြီး ဘဒ္ဒန္တပဒုမာဘိဝံသ အမှူးပြုသော နာယကဆရာတော်များနှင့် မစိုးရိမ်တိုက်သစ်မှ မဟာနာယကဆရာတော်များ၊ နာယကဆရာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ မနက် ၁၀း၃၀ နာရီမှာ မဟာနာယက၊ နာယကဆရာတော်များနှင့် စာချဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြပါတယ်။
ဆွမ်းအလှူရှင်များကတော့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကြည်း၊ရေ၊လေ တပ်မတော်အရာရှိများ တက်ရောက်ကြပါတယ်။ ယနေ့ လှူဒါန်းမှုအစုစုမှာ ၂၁၀၁၂၀၀၀ိ (သိန်းပေါင်းနှစ်ရာ့တစ်ဆယ်တစ်သောင်းနှစ်ထောင်)ကျပ် ဖြစ်ပါတယ်။
စာအောင်သံဃာ ပူဇော်ပွဲပညာရေး ပဒေသာပင် သိန်းပေါင်း တစ်ရာ၊ လှူဖွယ်နှင့် ဆွမ်းအတွက် သိန်းပေါင်း တစ်ရာ့တစ်ဆယ်ကျော် လှူဒါန်းတာပါ။ မစိုးရိမ်တိုက်သစ်မှာ ၀ါဆိုသံဃာ ၂၅၇၇ ပါးရှိပါတယ်။ ဒီကနေ့ ဆွမ်းလှူပွဲမှာတော့ ၂၅၀၃ ပါးရှိပါတယ်။
နိုင်ငံတော်အဆင့် ဆွမ်းလှူပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(တပ်မတော် ကြည်း၊ရေ၊လေ) မိသားစုက ပထမဦးဆုံး ကျင်းပခြင်းဖြစ်ကြောင်း မစိုးရိမ်တိုက်သစ် ပထမ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသ (နိုင်ငံတော်သံဃမဟာနာယက အဂ္ဂမဟာ ပဏ္ဍိတ)က အနုမောဒနာတရား ဟောကြားရာမှာ မိန့်တော်မူခဲ့ပါတယ်။
ဆွမ်းအလှူရှင် မိသားစုနှင့်အတူ ပါရမီ ကူညီဖြည့်ဆည်းပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။


