ဘင်္ဂလီများအနေဖြင့် လူ့အခွင့်ရေးအကြောင်းပြပြီး အခွင့်အရေးတောင်းဆို၍မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

ဘင်္ဂါလီများအနေဖြင့် မြန်မာတိုင်းရင်းသားမဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက် နေထိုင်သူများသာဖြစ်ကာ လူ့အခွင့်အရေးအကြောင်းပြပြီး အခွင့်အရေးတောင်းဆို၍မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရယ်ရှင်းနိုင်ငံ သံအမတ်ကြီး H.E.Dr.Nikolay Listopadovအား ဒီဇင်ဘာ ၅ရက်တွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆိုရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအနေဖြင့် မြန်မာတိုင်းရင်းသားများမဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်သူများသာ ဖြစ်ကြောင်း၊ အခွင့်အရေးပေးထားပြီးဖြစ်၍ နိုင်ငံသားဖြစ်မှု ဥပဒေများနှင့်အညီ စိစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးအကြောင်းပြ၍ အခွင့်အရေးတောင်းဆို၍မရဘဲ ဥပဒေနှင့်အညီလုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည့် ဆက်ဆံရေးသမိုင်းကြောင်းနှင့် ၁၉၈၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများတွင် ရုရှားနိုင်ငံမှ ကူညီလုပ်ဆောင်ပေးခဲ့သည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခိုင်မာခဲ့သည့် အခြေအနေများ၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Daily Eleven
7.12.2016


Share: