ဤစာမူသည် အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ မြစ်ကြီးနားထောင်မှာနေရစဉ် ထောင်ဝင်စာလာတွေ့သော တပည့်လေး အရှင်သုမင်္ဂလထံရေးပို့သောစာမူဖြစ်ပါသည်။ အပတ်စဉ်ဖော်ပြသွားပါမည်။
အယ်ဒီတာအဖွဲ့
ဝီစကီကိုယ်တော်
ဘုရားကြီးတိုက်က တစ်ပါးရောက်လာသေးတယ်။ ငယ်ဖြူ စာတတ်ပေတတ်ပဲ။ စာချတန်းတစ်ကျမ်းတောင်အောင်ပြီးပြီ။ ရဟန်းဒကာ၊ ဒကာမတွေက တစ်လကိုငွေသုံးသောင်း အနည်းဆုံးထောက်ပံ့တယ်တဲ့။ ငွေပေါလို့ပျက်စီးသွားတဲ့ပုံပဲ။ စာတွေဘာတွေ မေးမြန်းစစ်ဆေးကြည့်လိုက်တော့လည်း အမှန်အကန်ပဲ။ အကြံအဖန်ကိုယ်တော် မဟုတ်ဘူး။
သူလည်း အရက်ကြောင့်ကျလာတာပဲ။ ဝီစကီတစ်ပြားသောက်ပြီး ဘုရားကြီးမှာ မှောက်နေတာ၊ ဝိသောဓနီ (သန့်ရှင်းရေး)အဖွဲ့ကတွေ့ပြီး ထမ်းခေါ်ခဲ့ရတာတဲ့။ လူမှန်းသူမှန်း မသိလောက်အောင် မူးရူးနေတာကိုး၊ အမူးပြေမှပဲ အချုပ်ခန်းထဲရောက်နေမှန်း သိရတော့တယ်ဆိုပဲ။ ကိုယ့်ကျောင်းကိုယ့်နေရာမှာပဲ မူးနေရင် အခုလိုအဖမ်းခံရမှာ မဟုတ်ဘူး။ အရက်သောက်ပြီး လူစည်တဲ့နေရာတွေ လျှောက်သွားနေတာကိုး။
သူရောက်လာတော့ ဝိုင်းပြီးဗျူးကြတာပေါ့။ ဒါနဲ့ပဲ သူ့ကို ဝီစကီလို့ ခေါ်ကြတော့တာ။ မူလအမည်နဲ့ ရဟန်းဘွဲ့ပျောက်ပြီး ဝီစကီ တွင်သွားတော့တယ်။ တောင်ယာလုပ်လိုက်၊ ရေထမ်းလိုက်နဲ့။ အလုပ်တော့ အတည်တကျမရှိဘူး။ ကြုံရာလုပ်ရတာပဲ။ သူ့ကိုတွေ့တိုင်း ဘုန်းဘုန်းက စာလေးချိုးပြီး စတယ်။
ဝီစကီရေ တစ်ပြားသောက်လျှင်ဖြင့်
အီစလီဝေ အလျားမှောက်ပေပေါ့
ထောင်ရောက်အောင် ကောင်းတဲ့အရည်။
တောင်ယာတွေ တွင်တွင်ခုတ်ပါလို့
ခြေပုတ်အောင် ရေထမ်းရတဲ့အပြင်
ခိုချင်ရင် ကျောပြင်မှာအစင်းရာထင်မှာမို့
အားတင်းစို့ ငါ့ရှင်ရေ..........။
အီစလီဝေ အလျားမှောက်ပေပေါ့
ထောင်ရောက်အောင် ကောင်းတဲ့အရည်။
တောင်ယာတွေ တွင်တွင်ခုတ်ပါလို့
ခြေပုတ်အောင် ရေထမ်းရတဲ့အပြင်
ခိုချင်ရင် ကျောပြင်မှာအစင်းရာထင်မှာမို့
အားတင်းစို့ ငါ့ရှင်ရေ..........။
ကြာတော့လည်း သူကဒီစာချိုးလေးကို အလွတ်ရသွားပြီး ဘုန်းဘုန်းကိုတွေ့ရင် သူကဦးအောင်ဆိုပြတော့တာပဲ။ သနားစရာလည်း ကောင်းပါ့။ ခင်စရာလည်း ကောင်းပါ့။
သူက ငယ်ဖြူရဟန်းပျိုဆိုတော့ ဟင်းတွေဘာတွေ တောင်းရရမ်းရမှာ ရှက်တယ်နဲ့တူပါတယ်။ မတောင်းဘဲ အငတ်ခံပြီး နေရှာတယ်။ ဘုန်းဘုန်းတို့က အလိုက်တသိ ပေးရတာပေါ့။
တစ်နေ့မှာ ဘုန်းဘုန်းလမ်းလျှောက်နေရင်း ဟင်းချက်နေတဲ့သူ့ကို တွေ့လိုက်ရတယ်။ ထောင်ထဲမှာ တရားဝင် ဟင်းချက်ခွင့်မရှိဘူး။ ထောင်မှူးမသိအောင် ခိုးချက်ရတာ။ အုတ်ခဲကျိုး အတိုအထွာလေးတွေရှာ၊ ဖိုခုံလောက်လုပ်၊ ပလပ်စတစ်အိတ်တို့ ကျွတ်ကျွတ်အိတ်တို့၊ ကော်ဇလုံအကွဲ အစုတ်တို့ကို ထင်းလိုလောင်စာလုပ်ပြီး မီးရှို့ရတာ။ လောင်စာကလည်း ရှားတယ်။ အမှိုက်ဆိုပေမယ့် ကော်ဖီမစ်နဲ့လဲပြီး ဝယ်ရတာ။ ကျွတ်ကျွတ်အိတ်စစ်ဆင်ရေး မြို့ထဲမှာလုပ်တော့ ပိုရှားကုန်ရော။
လောင်စာကမရှိ၊ မီးကလည်းနည်း၊ ရှိတာတွေ ရှာကြံထည့်တော့လည်း ညှော်စော်ကနံ၊ မီးခိုးကမွှန်နဲ့ ဘယ်လိုမှ အလုပ်မဖြစ်တော့တာ။ ဒါနဲ့ စိတ်ဓာတ်ကျပြီး ထိုင်ငိုနေပါလေရော။ ချက်မည့်ဟင်းကိုလည်း ကြည့်ဦးလေ။ တောင်ယာထဲက အလေ့ကျပေါက်နေတဲ့ ကန်းစွန်းရွက်တွေကိုခူးပြီး ဆီမပါ ပြားမပါ။ ပြုတ်ကြော်နေတာ။ အကျဉ်းသားအချင်းချင်းဆိုတော့ မကြည့်ရက်ကြဘူးပေါ့။ သူ့ကိုဆက်မချက်ခိုင်းဘဲ၊ ဟိုကတစ်ခွက်ပေး၊ ဒီကတစ်ခွက်ပေးနဲ့ အဲဒီနောက်ပိုင်း အတော်ကိုဟုတ်သွား တော့တယ်။
သူ့အကြောင်း စုံစမ်းကြည့်လိုက်တော့ ထောင်ကျတာ နှစ်ကြိမ်ရှိပြီတဲ့။ နှစ်ကြိမ်လုံး အရက်ကြောင့်ပဲ ကျခဲ့တာတဲ့။ အရက်ဂျိုးကြီး ဖြစ်သွားပြီလေ။ နှမြောစရာကြီးပါ။ သူ့ဆရာသမားတွေ၊ ရဟန်းဒကာတွေ၊ ဒကာမတွေလည်း သူ့ကိုမွေးရကျိုး၊ ထောက်ပံ့ရကျိုး ဘယ်နပ်တော့မလဲနော်။
အရင်တစ်ခါတုန်းက ရဲဘက်စခန်းမှ လွတ်ခဲ့တာတဲ့။ ဒီမှာကမှ ပေးမယ့်ကျွေးမယ့်သူတွေ ရှိပါသေးတယ်။ ဟိုမှာက ပေးမယ့်သူလည်း မရှိ၊ ကျွေးမယ့်သူလည်း မရှိပါဘူး။ ငရုပ်သီးတစ်တောင့်၊ ဆားတစ်ပွင့်ရဖို့ မလွယ်ကူဘူး။ အလုပ်ကလည်း ဒီထက်အဆတစ်ရာလောက် ပင်ပန်းတယ်။ (ညောင်ကန် ကိုယ်တော်လေးဆို သုံးလလောက်နဲ့တင် သေမလို ဖြစ်သွားခဲ့တာ။) ဒီလောက်ဆင်းရဲဒုက္ခ ရောက်လှတာတောင် အရက်ကို မစွန့်နိုင် မဖြတ်နိုင်ဘူးဆိုတော့ သူ့ထိုက်နဲ့သူ့ကံပေါ့နော်။
ထောင်ကျလို့မှ နောင်တမရသေးဘူး ဆိုရင်တော့ ဒီတစ်သက် လူဖြစ်ဖို့မလွယ်တော့ဘူးလေ။ ထောင်ကျလို့မှ နောင်တမရတဲ့သူတွေ ထောင်ထဲမှာ ပေါမှပေါပဲ။ ထောင်ထဲမှာ အသိပညာပေးပြီး လိမ္မာယဉ်ကျေးအောင် ဆုံးမတာမျိုး လုံးဝမရှိဘူးလေ။ ကိုယ့်ဘာသာကိုယ် ဆည်းပူးပြီး၊ ကိုယ့်စိတ်ထားကိုယ် ပြင်ယူကြရတာ မဟုတ်လား။
အဲဒီလိုမှ မဟုတ်ရင်တော့ အရက်သမားလေးမှ အရက်သမားကြီး၊ သူခိုးလေးမှ သူခိုးကြီး၊ ဓားပြလေးမှ ဓားပြပြီး၊ ဘိန်းစားလေးမှ ဘိန်းစားကြီး၊ ဖိုးကုန်သည်လေးမှ ဖိုးကုန်သည်ကြီးတွေ ဖြစ်သွားကြတာများတယ်။ ထောင်ထဲမှာက လူစုံတယ်။ ကွန်ရက်ဖွဲ့လို့ ပိုကောင်းတယ်။ ဒါကြောင့် ဝီစကီကိုယ်တော်လို ပုဂ္ဂိုလ်တွေ နောင်တမရကြတာ ဖြစ်မယ်။
ဝီရသူ(မစိုးရိမ်)ဆက်လက်ဖော်ပြပါမည်။
