သံဃာသန့်ရှင်းမှ သာသနာသန့်ရှင်းမည် (၉)

ဤစာမူသည် အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ မြစ်ကြီးနားထောင်မှာနေရစဉ် ထောင်ဝင်စာလာတွေ့သော တပည့်လေး အရှင်သုမင်္ဂလထံရေးပို့သောစာမူဖြစ်ပါသည်။ အပတ်စဉ်ဖော်ပြသွားပါမည်။
အယ်ဒီတာအဖွဲ့

လူပြည်ကအသံနားစွင့်ကြ
မနက်မနက်ဆို ဘုန်းဘုန်းတို့ တိုက်ဝင်းထဲကို အကျဉ်းသားတွေ လုပ်ငန်းလာလုပ်လေ့ရှိတယ်။ တစ်နေ့ကို အယောက် လေး ငါးဆယ် ရှိတယ်။ မနက်ထောင်ဖွင့်ရင်လာ၊ ညနေထောင်ပိတ်ခါနီး ပြန်သွား၊ နေ့ခင်းနားနေချိန်ဆို တိုက်ဝင်းထဲက ဇရပ်ပေါ်မှာပဲနားပေါ့။
တိုက်ထဲ လုပ်ငန်းအချခံရသူတွေထဲမှာ အသစ်လေးတွေ ပါလာတတ်တယ်။ 'ကျသစ်'လို့ ထောင်ထဲမှာ ခေါ်လေ့ရှိတယ်။ ကျသစ်တွေထဲမှာ လူဝတ်တွေလည်းပါတယ်။ ရဟန်းတွေလည်းပါတယ်။ ဘယ်သူပဲပါပါ သူတို့နဲ့ သွားစကားပြောကြ။ နှုတ်ဆက်ကြ၊ ကူညီကြတော့တာပဲ။

ဒါမှလည်း လူ့လောကနဲ့ အဆက်အသွယ်မပြတ်မှာလေ။ ဘုန်းဘုန်းတို့က ပေနှစ်ဆယ်ကျော် အုတ်တံတိုင်းကြီးအတွင်းမှာ နေရတာဆိုတော့ ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုပဲ။ တစ်ခါတလေ ထောင်ပတ်ဝန်းကျင် အလှူမင်္ဂလာဆောင်တွေမှ အသံချဲ့စက်သီချင်းသံ၊ ဆိုင်းသံဗုံသံလေးများ ကြားလိုက်ရရင် ဝိုင်းအုံနားထောင်ကြတာ။ 'လူ့ပြည်က အသံတွေ ကြားရသေးတယ်။ လူ့ပြည်နဲ့ သိပ်မဝေးသေးဘူး' ဆိုတဲ့ အတွေးတွေ ကိုယ်စီဝင်လာတတ်ကြတယ်။
ထောင်ကျရတာ တန်သွားသူ
တစ်နေ့မှာ လုပ်ငန်းကျတွေထဲ ခေါင်းတုံးတစ်ယောက် ပါလာတာမြင်တော့။ '၂၉၅လား'လို့ လှမ်းမေးလိုက်တယ်။ သူက ဘုန်းဘုန်းအကြောင်းတော့ ကြားဖူးတယ်။ ဘုန်းဘုန်းကျောင်းလည်း ရောက်ဖူးတယ်။ ဒါပေမဲ့ ဘုန်းဘုန်းကိုတော့ မမြင်ဖူးဘူး။ ဘုန်းဘုန်းနဲ့ ရွယ်တူပဲ။ အသက်လေးဆယ်ကျော် ငယ်ဖြူရဟန်းပျိုပဲ။ ဘေးနားက လူတွေက ဝိုင်းအုံကြည့်နေတာဆိုတော့ ဘုန်းဘုန်းက ဘယ်သူလဲဆိုတာ သိချင်မှာပေါ့။
'အဲဒါ ဆရာတော် ဝီရသူလေ'
တစ်ယောက်က ဝင်ပြောလိုက်တဲ့အခါ ချက်ချင်း လက်အုပ်ချီပြီး အရိုအသေပေးရှာတယ်။
ထောင်ကျသွားတယ်ဆိုတာ သိတယ်။ ဒီထောင်မှာ ရှိတယ်ဆိုတာလည်း သိတယ်။ ဒီလို တွေ့ရလိမ့်မယ် မထင်ခဲ့မိဘူးတဲ့။ ဝမ်းသာအားရ ပျော်ရွှင်နေတာတော့ သတိထားမိတယ်။ သူကပြောသေးတယ်။ 'ထောင်ကျရတာ တန်သွားပြီ'တဲ့။ ဝီရသူနဲ့ တွေ့ခွင့်ရတာနဲ့တင် ကျပျော် ပါပြီ' တဲ့။

အဲဒီလို ပျော်သွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။ လူရော၊ ရဟန်းရောပေါ့။ တချို့ဆို ဖူးချင်လွန်းလို့ တကူးတက လိုက်လာပြီး ဖူးကြတာလည်း ရှိတယ်။ ရှိစုမဲ့စုလေးတွေယူလာပြီး (ကော်ဖီမစ်ထုပ်လေးတွေ)လာလှူတာလည်း ရှိတယ်။ အလုပ်ပင်ပန်းရင် ပင်ပန်းပါစေ၊ ဝီရသူနဲ့တွေ့ရရင်ပြီးရောဆိုပြီး ရေထမ်းတွေထဲ ရောလိုက်လာတာလည်း ရှိတယ်။ ကုသိုလ်လိုချင်လို့ ချိုးရေ ထမ်းပါရစေ၊ အဝတ်လျှော်ပေးပါရစေ မိလ္လာရေဖြည့်ပေးပါရစေဆိုတဲ့ သူတွေလည်းရှိတယ်။
သူတို့လေးတွေနဲ့ တွေ့ရတော့ ထောင်ကျရကျိုးနပ် သလိုလို၊ တန်သလိုလို တွေးမိပြီး အားရှိသွားတာပေါ့နော်။

ဒီကိုယ်တော် တောင်ယာလုပ်နေချိန်မှာ ဘုန်းဘုန်း သွားအားပေးမိတယ်။ ဘုန်းဘုန်းလာစကားပြောတယ်ဆိုရင် တော်ရုံတန်ရုံအလုပ် ရပ်ထားလည်း အဆူမခံရဘူးလေ။ ဘုတ်ကိုင် အလုပ်သမားခေါင်းတို့ ဘာတို့က ဘုန်းဘုန်းနဲ့ ရင်းနှီးနေကြတာကိုး။ သူက ဘုန်းဘုန်းလာရင် အဝေးကြီးကနေ လှမ်းနှုတ်ဆက်တတ်တယ်။ သူများလို ဝီရသူလို့ခေါ်တာ မဟုတ်ဘူး။ 'ဆရာတော် ဦးဝိစိတ္တ ကြွပါဦးဘုရား'လို့ နှုတ်ဆက်ရင်း လှမ်းပင့်တော့တာ။
ထောင်ကျလာတဲ့ '၂၉၅' တွေထဲမှာတော့ ဒီကိုယ်တော် အရည်အချင်းအရှိဆုံးနဲ့ ဆောင်ရွက်ချက် အကောင်းဆုံးပဲ။ ဒီပဲယင်းဘက်မှာ ကျောင်းထိုင်နေတာ။ သူ့ကျောင်းမှာ တရားစခန်းလည်း ဖွင့်တယ်။ ယဉ်ကျေးမှု သင်တန်းလည်း ဖွင့်တယ်။ ဘကမူလတန်းကျောင်းလည်း ဖွင့်ထားတယ်။ နယ်မှာဆိုရင်တော့ အတော်အလုပ်လုပ်တဲ့ ကျောင်း၊ သာသနာအတွက် အားအထားရဆုံး ကျောင်းလို့ ဆိုနိုင်တာပေါ့။ အရွယ်ကလည်းငယ်၊ အရည်အချင်းကလည်းရှိ၊ ဆောင်ရွက်ချက်ကလည်းကောင်းတော့ အဲဒီနယ်တစ်ဝိုက်မှာ သူဟာ တကယ့်ဆရာတစ်ဆူပဲ။ ရပ်ရွာ ဒကာ ဒကာမ အားလုံးရဲ့ ရိုသေလေးစားမှုကို ရရှိထားသူ၊ ယုံကြည်အားထားမှုကို ရရှိထားသူဖြစ်တယ်။
သူ ကျလာတာက နှမြောစရာကြီးပါ။ ကျလာခြင်းရဲ့ အကြောင်းကိုလည်းကြည့်ပါဦး။ သူ့ဆောင်ရွက်ချက်နဲ့ တကယ့်တစ်ခြားစီပဲ။ အရက်သောက်၊ မူးဆူမှုနဲ့ ကျလာတာ။ ရွာကနေ မန္တလေးကို အလည်ရောက်လာတယ်။ တောင်ခြေကျောင်းတစ်ခုမှာ တည်းတယ်။ ငယ်ပေါင်းတွေနဲ့တွေ့တုန်း မြှောက်ပေးတာခံရတယ်။ ဒီလိုနဲ့ အပျော်သဘောနဲ့ အရက်သောက်မိတယ်။ အူနုအူရိုင်းဆိုတော့ မူးပြီးရမ်းတော့တာပေါ့။ အဲဒီမှာတင် သာသနာသန့်ရှင်းရေး အဖွဲ့နှင့်တွေ့ပြီး ထောင်ထဲ ရောက်လာတာ။ သူသောက်တဲ့ အရက်အမျိုးအစားက Dream တဲ့။ မန်ကျည်းအရက်ဆိုလား ပြောတာပဲ။ ဒါကြောင့် သူ့ကို မစ္စတာဒရင်းမ်လို့ပဲ ခေါ်ကြတယ်။ 
သူကတော့ တခြား '၂၉၅'တွေနဲ့ မတူဘူး။ အပြစ်ကို ဝန်ခံရဲတဲ့ သတ္တိရှိတယ်။ အမှားကို ဝန်ခံရဲတဲ့ သတ္တိရှိတယ်။ ဒါကြောင့် ရပ်ရွာနဲ့ ဆရာသမားတွေကို အကြောင်းကြားတယ်။ ဇာတ်မြှုပ်မနေဘူး။ အဲဒါကိုတော့ ချီးကျူးရမယ်နော်။

သူ့ဒကာ ဒကာမတွေကလည်း သူ့ကို အကြည်ညို မပျက်ဘူး။ ထောင်ဝင်စာလာတွေ့တယ်။ အားပေးတယ်။ ထောင်မှလွတ်ရင် ကံထပ်ပွဲလုပ်မယ်။ ရပ်ရွာဒကာ ဒကာမတွေ စုပေါင်းကံထပ်ပွဲလုပ်ပြီး ပူဇော်မယ်။ ကျောင်းကိုပဲ ပြန်ကြွခဲ့ပါလို့ ပင့်ဖိတ်နေကြတယ်။ သူ့ဆရာနဲ့ သူ့ဒကာကတော့ အတော်လိုက်ဖက်တယ်နော်။ တကယ်လို့သာ ဒီကိုယ်တော်က အလုပ်မလုပ်ခဲ့ဘူးဆိုရင် ဒီလိုဆက်ပြီး ကိုးကွယ်ဖို့၊ မလွတ်ခင်မှာလည်း အခုလို လာရောက်ထောက်ပံ့ဖို့ ဘယ်ဖြစ်နိုင်မလဲနော်။ စိတ်တောင်ကူးကြမှာမဟုတ်ဘူးပေါ့။ အလုပ်လုပ်ခြင်းရဲ့ ဘုန်းတန်ခိုးနဲ့ အကျိုးကျေးဇူးကို ကျောင်းထိုင်ဘုန်းကြီး တိုင်း ခံစားသင့်တာပေါ့နော်။
ဘုန်းဘုန်းက စာဖတ်လို့ ငြီးငွေ့လာတဲ့အခါပဲဖြစ်စေ၊ စာရေးလို့ အညောင်းမိလာတဲ့အခါပဲဖြစ်စေ၊ ရေနွေးသောက်ရင်း လမ်းလျှောက်ရင်း လုပ်ငန်းကျတွေနဲ့ သွားစကားပြောလေ့ရှိတယ်။
သူနဲ့တွေ့ပြီဆို ဘုန်းဘုန်းက-
'ဘုရားစကားနားမထောင်တဲ့သူတွေလေ'
ဆိုတဲ့စကားကို အမြဲပြောတတ်တယ်။ ဘုရားက အရက်မသောက်ပါနဲ့ ဆုံးမတယ်။ သူတို့က ဘုရားစကား နားမထောင်ဘဲ အရက်သောက်တယ်။ အရက်သောက်တော့ အခုလို ဒုက္ခရောက်တယ်။ တကယ်လို့သာ ဘုရားဆုံးမတာ နားထောင်မယ်ဆိုရင် အခုလို ဘယ်ဒုက္ခရောက်ပါ့မလဲနော်။ ဒါကို ရည်ရွယ်ပြီး ဘုန်းဘုန်းက '၂၉၅' တွေ တွေ့တိုင်း 'ဘုရားစကား နားမထောင်ကြတဲ့သူတွေလေ' လို့ ပြောမိတတ်တာပါ။

သူကလည်း မခေဘူး။ ဘုန်းဘုန်းကို ပြန်ပြောတတ် တယ်။
'မှန်ပါ့ဘုရား တပည့်တော်တို့က ဘုရားစကား နားမထောင်လို့ ၂ နှစ်ပဲကျတာ။ ဘုရားစကားနားထောင်တဲ့ သူကျပြန်တော့လည်း နှစ်တွေအများကြီး' တဲ့။
ဘုန်းဘုန်း နှစ်၂၅ ကျတာကို ရည်ရွယ်တာနေမှာပေါ့။ သူပြောလည်း ပြောစရာပဲနော်။ ဟုတ်လွန်းနေတာကိုး။
သူ့ဆီမှာ ဘုန်းဘုန်းဟောတဲ့ တရားခွေတွေလည်း ရှိတယ်။ ဘုန်းဘုန်း ရေးတဲ့စာအုပ်တွေလည်း ရှိတယ်။ မစိုးရိမ်တိုက်သစ်၊ ပထမ မဟာနာယက ဆရာတော်ကြီး ဈာပနမှာ သံဃာတွေကို သြဝါဒပေးတဲ့။ သီတဂူဆရာတော် ကြီးရဲ့ သြဝါဒကထာ စာအုပ်လည်း ရှိတယ်။ အဲဒီ စာအုပ်ဖြစ်မြောက်လာခြင်းရဲ့ အကြောင်းကလည်း ဆန်းတယ်နော်။
သီတဂူဆရာတော်ကြီး တရားဟောပြီးရင် သံဃာတွေကို သြဝါဒပေးနိုင်အောင် ဘုန်းဘုန်းနဲ့ အရှင်ဒေဝိန္ဒတို့က စီစဉ်ထားကြတယ်။ တရားပွဲပြီးလို့ အပေါ်ထပ်မှ ဆင်းလာတဲ့ သံဃာတွေကို ဘုန်းဘုန်းက လှေကားဝမှ စောင့်ပြီး သြဝါဒနာယူဖို့ လျှောက်ထားတယ်။ နိဗ္ဗာန်ဆော်က အသံချဲ့စက်နဲ့လည်း ပင့်လျှောက်ပေးတယ်။

နိုင်ငံတော်အခမ်းအနားကျင်းပတဲ့ ကျောင်းတိုက်ကြီး တစ်ခုလုံး သံဃာတွေနဲ့ ပြည့်လျှံသွားတော့တယ်။ ဘုန်းဘုန်းရည်ရွယ်တာက စာသင်သား သံဃာတွေအတွက်ပါ။ အနာဂတ်သာသနာအတွက် သူတို့ကအလွန်အရေးကြီးတယ် မဟုတ်လား။ ဒါပေမဲ့ ထင်ထားတာထက် ပြည့်စုံသွားတယ်လို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ နာယက ဆရာတော်အချို့ပါ နာယူကြတာ တွေ့လိုက်ရလို့ပါပဲ။ ဘုန်းဘုန်းက သံဃာတွေကို နေရာချပေးနေရလို့ နည်းနည်းနောက်ကျသွားတယ်။ သံဃာစင်ပေါ်ရောက်မှ နာယကဆရာတော်တွေပါ သြဝါဒနာယူနေတာကို တွေ့ရတာ။ သီတဂူဆရာတော်ကြီး မိန့်ကြားတဲ့ သြဝါဒကို သံဃာအားလုံးက သဘောကျလက်ခံကြတာ တွေ့ရတယ်။ အထူးသဖြင့် စာသင်သား သံဃာတွေ၊ စာချဘုန်းကြီးလေးတွေပေါ့။
သီတဂူဆရာတော်ကြီးနဲ့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတို့ တွေ့ဆုံပြီး သာသနာရေး ဆွေးနွေးကြတာတွေလည်း အားရစရာကောင်းတယ်။ အဲဒီနှစ်ခုလုံးကို စုပေါင်းပြီး စာအုပ်ထုတ်မယ်ဆိုလို့ ညီမောင်အရှင်ဒေဝိန္ဒာဘိဝံသ'နေမင်းနှစ်ဆူ တွေ့ဆုံခြင်း' ဆိုတဲ့ အမည်နဲ့ စာအုပ်ထုတ်လိုက်တာ စာအုပ်လည်း အောင်မြင်သွားတယ်။
အရှင်ဒေဝိန္ဒာဘိဝံသဆိုတာ 'ရာစုသစ်ဒဿန' ဆိုတဲ့ ဝေဖန်ရေး စာအုပ်လေးနဲ့ စာပေလောကထဲ ဝင်ရောက်လာတဲ့ ရဟန်းစာဆို တစ်ပါးပေါ့။ ဘုန်းဘုန်းနဲ့လုပ်ဖော်ကိုင်ဖက်၊ တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်တယ်။ သူက သီရိလင်္ကာမှ M.A (Buddhism) တောင်ယူလာခဲ့ပြီ။ ဘုန်းဘုန်းက မော်စကိုမှ မပြန်ရသေးဘူး ဖြစ်နေတယ်။ သူက မိတ်ဆွေကောင်းပီသပါတယ်။ ဘုန်းဘုန်းကို ငွေရေးကြေးရေး အမြဲတမ်းထောက်ပံ့နေသူ ဖြစ်တယ်။ ဘုန်းဘုန်းရဲ့ စာမူကြမ်းတွေကို အားလုံးနီးပါး ဖတ်ရသူလည်း ဖြစ်တယ်။ သီတဂူအလှူပွဲတုန်းကလည်း ဘုန်းဘုန်းနဲ့တွေ့ချင်လို့ တကူးတကကို ရန်ကုန်မှ လိုက်လာသူဖြစ်တယ်။
မစ္စတာဒရင်းမ်အကြောင်း ပြန်ဆက်ရအောင်။ နောက်တော့ မစ္စတာဒရင်းမ်လည်း ပေါ်တာတွေထဲ ပါမလာတော့ဘူး။ စုံစမ်းလို့လည်း မရတော့ဘူး။ ရဲဘက်ပါသွားပြီပဲ အောက်မေ့နေတာ။ သူကတော့ခင်ဖို့လည်းကောင်း၊ စိတ်ကောင်းလည်းရှိ၊ လုပ်ဆောင်ချက်တွေ၊ ခံယူချက်တွေ၊ ရည်မှန်းချက်တွေကလည်း မြင့်မားလေတော့ ရဲဘက်ပါသွားရင်ဆိုတဲ့ အတွေးနဲ့ ရင်လေးနေခဲ့တာ။ ဒါပေမဲ့ ရဲဘက်မပါရှာပါဘူး။ သီတဂူဆရာတော်ကြီး အလှူလာလုပ်တော့ တရားပွဲမှာ သူ့ကိုတွေ့လိုက်ရတယ်။ တရားပွဲမစခင် နှုတ်ဆက်ရုံလောက်ပဲ နှုတ်ဆက်လိုက်ရတယ်။
အများအကျိုး ဘုရားအကျိုး လုပ်ခဲ့သူဆိုတော့ ထောင်ကျတာတောင် အများအကျိုး ဘုရားအကျိုး မလုပ်ခဲ့သူတွေလို ရဲဘက်မပါရဘူးနော်။ ဘုရား တရား ကျေးဇူးလို့ပဲ ဆိုရမယ်။
ဝီရသူ(မစိုးရိမ်)
(ဆက်လက်ဖော်ပြပါမည်)
7.12.2016 အတုမရှိ အတွဲ(၃) အမှတ်(၁၆)
Share: