ကျွန်ုပ် အိုးဘိုရောက်ပြီး (၂) နှစ်ကျော်ကာလမှာ ဖြစ်သည်။ ကျောက်ဆည်က သတင်းတစ်ခု ကြားရ၏။ စာသင်တိုက်ကြီးတစ်ခု၏ ပဓာနနာယက ဆရာတော်တစ်ပါး လူဝတ်လဲသွားသည့် သတင်းဖြစ်၏။ ထိုသတင်းမှာ ကျောက်ဆည်တစ်မြို့လုံးသာမကဘဲ သာသနာတစ်ရပ်လုံးသို့ ဆူနာမီလို ရိုက်ခတ်မှု ပြင်းထန်ခဲ့ပေသည်။ ထို့ကြောင့်လည်း ကမ္ဘာ့အပြင်ဘက်ရှိ သီးခြားကမ္ဘာလေးဖြစ်သော ကျွန်ုပ်တို့ဂေဟာ အိုးဘိုထောင်ထဲအထိ တိုးဝှေ့ဝင်လာခြင်းဖြစ်ပါ၏။ ထိုဆရာတော်မှာ ကျောက်ဆည်ဇာတိဖြစ်ပြီး အမိမြေကို ပြန်လည်ကျေးဇူးဆပ်နေသူ ဖြစ်ပါသည်။ အရည်အချင်းရှိ သဒ္ဓါတရားလည်းကောင်းပြီး အသက်အရွယ်အားဖြင့်လည်း ကျန်းမာသန်စွမ်းသည့် ရဟန်းပျိုအရွယ်ပင် ရှိပါသေးသည်။ ကျောက်ဆည်နယ်မှ “ အဘိဝံသ ” ဘွဲ့ရသူဟူ၍ ကျွန်ုပ်နှင့် ထိုဆရာတော်နှစ်ပါးသာ ရှိပါသေးသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် လူချင်းဆုံခွင့်မရသော်ငြား ဒကာ/မများမှတစ်ဆင့် အပြန်အလှန်အသိပေး ဂုဏ်ယူနေကြခြင်း ဖြစ်ပါသည်။ ထိုဆရာတော် လူဝတ်လဲချိန်တွင် သက်တော် (၄၀)နှစ် ကျော်ရုံသာ ရှိပေဦးမည်။
‘ ကောင်းကောင်းနေဖို့ အဓိက ’
ကျွန်ုပ်တို့ သာသနာတော်၌ ရဟန်းတစ်ပါး လူထွက်သွားပြီဆိုလျှင် အများစုက ဝေဖန်အပြစ်တင်ကြ၊ ကဲ့ရဲ့ရှုတ်ချတတ်ကြပါသည်။ ဆိုင်ရာဆရာတော်နှင့် ငြိစွန်းခဲ့သည့် အမျိုးသမီးများအားလည်း “ကျောင်းကြီးဖျက်မ” “သာသနာဖျက်မ” စသည်ဖြင့် စွပ်စွဲ နှိပ်ကွပ်တတ်ကြပေသည်။ ကျွန်ုပ်အတွက်မူ မပျော်ပိုက်၍ လူထွက်သူအပေါ် သာဓုခေါ်နိုင်ခဲ့ပါ၏။ လောကကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသူအဖြစ် ဂုဏ်ယူ အားပေးနိုင်ပါ၏။ သာသနာ့ဘောင်သို့ ၀င်ရောက်လာသူများသည် “ရိုးမြေကျသည်အထိ သာသနာ့တာဝန်ထမ်းဆောင်ပါမည်” ဟူသော အာမခံချက် ကတိဝန်ခံချက်ဖြင့် ၀င်ရောက်လာခဲ့သူများ မဟုတ်ကြပါ။ သာသနာ့တာဝန်ဆိုသည်မှာလည်း အခကြေးငွေဖြင့် ထမ်းရွက်ရမည့် တာဝန်မျိုးမဟုတ်ဘဲ သဒ္ဓါတရားဖြင့်သာ ထမ်းဆောင်ရမည့် တာဝန်မျိုးဖြစ်ပါသည်။ ၀န်ခံစာချုပ်ဖြင့် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများသည်ပင် အငြိမ်းစာယူခြင်း၊ ကျန်းမာရေး ပင်စင်ယူခြင်း၊ လုပ်သက်စေ့၍ နုတ်ထွက်ခြင်း၊ လုပ်သက်မစေ့ခင် ထွက်ပြေးခြင်းများ ရှိတတ်ကြပါသည်။ ထို့ကြောင့် ပျော်သလောက်နေမည် တတ်နိုင်သလောက်ကျင့်ကြံမည်။ စွမ်းနိုင်သလောက် ဆောင်ရွက်မည်ဆိုလျှင်ပင် ထိုရဟန်းအတွက် တာဝန်ကျေပြီဖြစ်ပါ၏။ နောက်ဆုံးထွက်သက်အထိ ကောင်းကောင်းနေ၊ ကောင်းကောင်းကျင့်၊ ကောင်းကောင်းအားထုတ်ပြီး ကောင်းကောင်း လုပ်ဆောင်နိုင်လျှင်ကား ဆိုဖွယ်ရာပင်မရှိပါချေ။ သို့သော် မပျော်ပိုက်၍ လူထွက်သူများကိုကား တစ်သက်လုံး မနေရကောင်းလားဟူ၍ အပြစ်မတင်သင့်၊ မဝေဖန်သင့်၊ မကဲ့ရဲ့သင်ပါ။
‘ ရဟန္တာဖြစ်မည့် ပါရမီရှင်ကြီးတောင် အကြိမ်ကြိမ် လူထွက်ဖူးသည် ’
ဈာန်အဘိညာဉ်ရ ရသေ့ရဟန်းများသည်ပင် ဈာန်လျှောတတ်ကြပါသည်။ ပရိယတ္တိဝန်ဆောင် ရဟန်းတော်များသည် ဈာန်ရကိုယ်တော်များ မဟုတ်ကြပါ။ ပါရမီအရင့်အမာ ပုဂ္ဂိုလ်ကြီးများသည်ပင် သာသနာ့ဘောင်၌ ငြီးငွေ့တတ်ကြပါသည်။ မြတ်စွာဘုရားက ထိုပုဂ္ဂိုလ်ကြီးများကို သံဃာ့ရှေ့မှောက်၌ ခေါ်ယူ မေးမြန်းပြီး ကာမဂုဏ်၏ အပြစ်များကို ဟောကြားဆုံးမမှသာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိသွားကြခြင်း၊ ကျွတ်တမ်းဝင်သွားကြခြင်း ဖြစ်ပါသည်။ စိတ္တဟတ္ထမထေရ်ကို လူတိုင်းသိကြပါသည်။ ရဟန်းဝတ်လိုက်၊ လူထွက်လိုက် ပြန်ဝတ်လိုက်ဖြင့် ခုနှစ်ကြိမ်မြောက် ရဟန်းခံပြီးမှ ရဟန္တာဖြစ်ခဲ့ခြင်း၊ သာသနာ့ဘောင်မှာ မြဲခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ ပါရမီအရင့်အမာဖြင့် ရဟန္တာဖြစ်မည့်သူပင် အကြိမ်ကြိမ် လူဝတ်လဲခဲ့သည်ကို သိကြပါလျက် ယနေ့ ရွှေမြန်မာတို့ လူဝတ်လဲသူများကို ကဲ့ရဲ့နေကြသည်မှာ အံ့သြစရာဖြစ်နေပါသည်။ ကျွန်ုပ်တို့ သာသနာတော်၌ လူဝတ်လဲခဲ့ကြသူများသည် ပါရမီရှိသလောက်သာ စွမ်းဆောင်နိုင်ခဲ့ကြသူများ ဖြစ်ပါသည်။
‘ လူပြန်ကျော်ကြီးများ ’
ကျွန်ုပ်တို့ သာသနာတော်၌ ရဟန်းဘ၀မြဲခြင်း မမြဲခြင်းက ပဓာနမဟုတ်ပါ။ နေတုန်းနေခိုက် ကောင်းကောင်းကျင့်ဖို့၊ တာဝန်ကျေဖို့သာ ပဓာနဖြစ်ပါသည်။ လူထွက်ပြီးသည့်အခါ သာသနာတော်ကို ပြန်ငဲ့ကြည့်ဖို့သာ အဓိကဖြစ်ပါသည်။ မန်းဆန်းထွန်း၊ ဦးရွှေအောင်၊ ဆရာပါရဂူ၊ ဓမ္မာစရိယ ဦးဌေးလှိုင်စသည့် လူပုဂ္ဂိုလ်ပညာရှိကြီးများသည် ရဟန်းဘ၀ဖြင့်လည်း တာဝန်ကျေပြီး၊ လူ့ဘ၀ဖြင့်လည်း တာဝန်ကျေခဲ့သူများ ဖြစ်ပါသည်။ လူပျံတော် အရှင်ဥတ္တမကျော်(ဦးဥုတ်ကျော်)ဆိုလျှင် သေခါနီးအထိ ရဟန်းတော်များကို ဓမ္မကထိက သင်တန်းပို့ချပြီး ဟောပြောမှု အတတ်ပညာဖြင့် သာသနာတော်ကို စောင့်ရှောက်ခဲ့သူ ဖြစ်ပါသည်။
‘ ပုဂံရာဇ၀င်ထဲက တောင်းသည့်ဆု ’
ထိုသို့ ဘုရားရှင်လက်ထက်မှ ယနေ့အချိန်အထိ လူဝတ်လဲကြသည့် အစဉ်အလာများရှိပါလျက် လူထွက်သူများကို ပြင်းပြင်းထန်ထန် ကဲ့ရဲ့နေကြခြင်းမှာ ပုဂံရာဇ၀င်တစ်ခုကြောင့် ဖြစ်သည်ဟု ထင်ပါသည်။ ပုဂံခေတ်တုန်းက ဖြစ်ပါသည်။ ဦးပဉ္ဇင်းလေးတစ်ပါး လူထွက်ချင်၍ ရွှေစည်းခုံဘုရားဖူးရင်း အတွေးဝင်နေပါသည်။ ထို့သို့ တွေဝေနေစဉ် အမျိုးသမီးတစ်ယောက် ဆုတောင်းသံကို ထိုဦးပဉ္ဇင်းလေး ကြားလိုက်ရပါသည်။ ဆုတောင်းပုံမှာ “တပည့်တော်မသည် ဘ၀ဆက်တိုင်း ပဉ္ဇင်းလူထွက်မယား မဖြစ်ရပါလို၏ဘုရား” ဟူ၍ ဖြစ်ပါသည်။ ဦးပဉ္ဇင်းလေး စိတ်ဝင်စားသွားပြီး ထိုအမျိုးသမီးဆုတောင်း ပြီးသည်အထိ စောင့်ပြီးမေးပါသည်။ ထိုအမျိုးသမီးက “ရဟန်းဆိုတာ အလုပ်ပင်ပင်ပန်းပန်း မလုပ်ရဘဲ၊ ပူပူနွေးနွေးစားပြီး အေးအေးလူလူ နေနိုင်တယ်။ စာကျက်လျှင်ကျက်၊ မကျက်ချင်လျှင်လည်း သင်္ကန်းခြုံပြီး အိပ်နေနိုင်ပါလျက် လူထွက်ပြီး သားကျွန် မယား ကျွန်ခံဦးမည်ဆိုလျှင် ထိုသူထက်မိုက်မဲသူ ရှိပါဦးမလား၊ ဒါကြောင့် လူမိုက်မယား အဖြစ်မခံနိုင်လို့ ယခုလို ဆုတောင်းရခြင်း ဖြစ်ပါတယ်” ဟု ပြန်ဖြေပါသည်။ ထိုဦးပဉ္ဇင်းလေးလည်း သတိသံဝေဂရပြီး စာဆက်သင်ရာ နောင်အခါ၌ တိလောကဂုရုမထေရ်အဖြစ် ထင်ရှားသော ဆရာတော်ကြီး ဖြစ်လာခဲ့ပါသည်။
ဤဖြစ်စဉ်၌ ဆုတောင်းသူ အမျိုးသမီးကြီးနှင့် ဦးပဉ္ဇင်းလေးတို့ တွေ့ဆုံခြင်းသည် တိုက်ဆိုင်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါသည်။ ဘုန်းရှင်ကံရှင် ပါရမီရှင်ဖြစ်၍ အစွန်းအထင်းမခံစေချင်၊ အတိမ်းအစောင်းမခံစေချင်၍ နတ်ကောင်းနတ်မြတ်များက လူ့အသွင်ဖြင့် လာရောက်တရားချခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သည့် အကြောင်းကြောင့်ပင် တွေ့ဆုံကြသည်ဖြစ်ပါစေ အမျိုးသမီး၏ စကားကို ဆရာတော် အစဉ်အဆက်က လက်ကိုင်ထားပြီး တပည့်များကို ဆုံးမခဲ့ကြ၍ ထိုစကားထင်ရှားနေခြင်း ဖြစ်ပါသည်။ ထိုဖြစ်ရပ်နှင့် ထိုစကား အခိုင်အမာရှိနေ၍ ယနေ့အချိန်ထိသုံးစွဲနေခြင်း “လူမိုက်” ကင်းပွန်းတပ်နေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။
၂၀၁၆ ဒီဇင်ဘာလထုတ် မဟာဝီရ မဂ္ဂဇင်း(ဆက်လက်ဖော်ပြပါမည်)
