ယခုဆောင်းပါးမှာ Modern Tokyo Times တွင် ဖော်ပြထားသော Anti-Buddhist Media and Myanmar: Complex Regional and Historical Dynamics ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
အနောက်ကမ္ဘာနှင့် အစ္စလာမ်ကမ္ဘာမှ မီဒီယာများသည် အမုန်းတရားကို အဖြေရှာမည့် ကဏ္ဍတစ်ရပ် လိုအပ်နေသည်။ ဆီးရီးယားတွင် ဆွန်နီတို့၏ အစုအပြုံလိုက် သတ်ဖြတ်မှုကိုဖြစ်စေ၊ မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေခံပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူများ အသတ်ခံရမှုတို့ကိုဖြစ်စေ လျစ်လျူရှု နေမည်ဆိုလျှင်မူ ကိစ္စမရှိပါ။ သို့သော်လည်း မီဒီယာ များက ခရစ်ယာန်ဘာသာဝင်တို့၏ ရှုထောင့်ကို ဖျောက်ထားပြီး အစွန်းရောက်ဗုဒ္ဓဘာသာဝင်များက မွတ်ဆလင်များအပေါ် ပစ်မှတ်ထားမှုများကိုသာ ဆက်လက်ဖော်ပြနေပေလိမ့်မည်။
နောက်ဆုံးဖြစ်ရပ်များမှာ ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးကို မွတ်ဆလင်များက သတ်ဖြတ်ခဲ့ပြီးနောက် ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
International Crisis Group အစီရင်ခံစာတွင် "တိုက်ခိုက်မှုများကို မွတ်ဆလင်များက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု အစိုးရ ကြေညာချက်နှင့် နယ်မြေခံ သတင်းများကဆိုသည်။ တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ဗီဒီယိုများသည် လူမှုမီဒီယာများတွင် ပျံ့နှံ့နေသည်။ ဗီဒီယိုတစ်ခုတွင် ကမ္ဘာတစ်လွှားမှ ဘင်္ဂါလီ ရိုဟင်ဂျာများအား ဂျီဟတ်အတွက် ပြင်ဆင်ကြရန်နှင့် ပူးပေါင်းပါဝင်ကြရန် လှုံ့ဆော်ထားသည်။ တိုက်ခိုက်မှု များအတွက် နယ်မြေကျွမ်းကျင်မှု လိုအပ်ခြင်းနှင့် ဒေသတွင်း လူများစွာ စုဝေးသွားလာရန် ခက်ခဲခြင်းတို့ကြောင့် ပြင်ပအကူအညီဖြင့် စီစဉ်ဖွယ်ရှိသော နယ်မြေခံ မွတ်ဆလင် လှုပ်ရှားမှုအဖြစ် ထွက်ပေါ်လာစေခဲ့သည်။ သို့ရာတွင် မည်သူက မည်သို့ စီစဉ်သည် ဟူသော အသေးစိတ်အချက်များမှာ မသဲကွဲသေးပါ" ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ပြည်တွင်းလက်နက်ကိုင် လှုပ်ရှားမှုများကြောင့် ဒုက္ခတွေ့နေသောနိုင်ငံဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ရုန်းကန်နေရသော တိုင်းပြည်ဖြစ်သည်။ မီဒီယာများက ရခိုင်ပြည်နယ်မှ ဘင်္ဂါလီပြဿနာကို အာရုံစိုက်နေကြသော်လည်း ဗုဒ္ဓဘာသာ မွတ်ဆလင်ကိစ္စမဟုတ်သော အခြားပြဿနာများလည်း ဖြစ်ပွားလျက်ရှိသည်။ သာဓကအားဖြင့် "ကချင် KIA ၊ TNLA၊ ရခိုင် AA ၊ ကိုးကန့် MNDAA ပူးပေါင်းတပ်ဖွဲ့များသည် မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်မတော်စခန်းနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မြန်မာနိုင်ငံသား ၃၀၀၀ ခန့်မှာ နယ်စပ်တစ်ဖက်သို့ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြသည်" ဟူသော သတင်းမျိုးပင်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်များ (များသောအားဖြင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သော) နှင့် မြန်မာအစိုးရ စစ်တပ်အကြား မကြာမီက ဖြစ်ပွားခဲ့ သော ပဋိပက္ခနှင့် ပတ်သက်၍ Free Burma Rangers က "ယခင်လက ရှမ်းပြည်နယ် အလယ်ပိုင်းတွင် မြန်မာစစ်တပ်နှင့် SSA-S ရှမ်းအဖွဲ့တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများသည် မြန်မာစစ်တပ်၏ လှုပ်ရှားမှုများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သီးခြားတပ်မတော် နယ်မြေခံတပ်ရင်းနှစ်ခု၏ ကင်းလှည့်ဖြန့်ကြက်မှုများနှင့် ပတ်သက်သည်။ ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်က လက်မှတ်ထိုးခဲ့သော NCA စာချုပ် တစ်နှစ်ပြည့်သည့်အချိန်တွင် ယင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ဒေသခံ အရပ်သား ၂၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးလျက်ရှိသည်" ဟု သတင်းဖော်ပြခဲ့သည်။
ယခင်လက UCA သတင်းတွင်လည်း "အောက် တိုဘာလ ၂၂ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ဘာသာမတူ၊ လူမျိုးမတူသော တိုင်းရင်းသားပြည်သူ အနည်းဆုံး ၃၀,၀၀၀ ခန့် ပါဝင် ချီတက်ခဲ့ကြသည်။ ကက်သလစ် ဘုန်းကြီးများနှင့် တရားဟောဆရာများပါ ပါဝင်သော ဆန္ဒပြသူများက 'ပြည်တွင်းစစ် ချက်ချင်းရပ်၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဦးမှာလား' ဟု ရေးသားထားသော စာတန်းများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်" ဟု ဖော်ပြခဲ့သည်။
"ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော ကချင်လက်နက်ကိုင် KIA နှင့် မြန်မာစစ်တပ်အကြားမှ တိုက်ပွဲသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခလေးခုအနက် အဆိုးဆုံးဖြစ်သည်" ဟုလည်း UCA သတင်းက ဆိုသည်။
တစ်နည်းအားဖြင့် ဘင်္ဂါလီပြဿနာနှင့် ဆက်စပ်သော ဗုဒ္ဓဘာသာဆန့်ကျင်ရေး အစီအစဉ်နှင့် အံမ၀င်သောကြောင့် မရေမတွက်နိုင်သော ပြဿနာများစွာမှာ သတင်းမရဘဲ ဖြစ်နေခြင်းဖြစ်သည်။ အမှန်တကယ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်ရေး၊ မွဲတေမှုနှင့် မူးယစ်ဆေးပြဿနာ ကိုင်တွယ်ရေး၊ သမိုင်းကြောင်းဆိုးမွေ စသည်တို့အတူ မရေမတွက်နိုင်သော ဘာသာရေး၊ လူမျိုးရေး ပြဿနာ များကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရသည်။ သို့သော် သတင်းမီဒီယာများသည် ဘက်လိုက်သော သတင်းတင်ပြမှုကို အခြေခံကာ တစ်ဖက်သတ် ရှုထောင့်မှ သုံးသပ်ရေးသားနေကြသည်။
ဒေသတွင်းအခြေအနေကို သုံးသပ်ပါက "ဘင်္ဂလားဒေ့ရှ် စစ်တကောင်းခရိုင်တွင် ဗုဒ္ဓဘာသာဝင်များကို ရှင်းလင်းမှုကြောင့် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ ကြောက်မက်ဖွယ်ဖြစ်ရပ်နှင့် ရင်ဆိုင်နေရခြင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို အစ္စလာမ် အစွန်းရောက်များက အကြမ်းဖက် တိုက်ခိုက်နေခြင်း၊ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာနှင့် ဆိုင်သောနေရာများကို ဆွန်နီတတ်ဖီရီ မွတ်ဆလင်များက ဖျက်ဆီးခြင်း၊ တိဘက်တွင် တိဘက်ဗုဒ္ဓဘာသာ လွှမ်းမိုးမှုကို လျှော့ချရန် ဟန်တရုတ်လူမျိုးများ အဆုံးမရှိ ၀င်ရောက်နေခြင်း၊ ဆော်ဒီအာရေးဗီးယားကဲ့သို့ နိုင်ငံအချို့တွင် ဗုဒ္ဓဘာသာကို တရားမ၀င် သတ်မှတ်ခြင်း" အစရှိသော ဖြစ်ရပ်များစွာကိုများစွာ တိကျရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာကို ပြည်တွင်းတွင်၊ နိုင်ငံတကာတွင် အကာအကွယ်ပေးရေးကို လိုလားနေသော ဗုဒ္ဓဘာသာဝင်အချို့၏ သဘောထားအမြင်နှင့် သမိုင်းကြောင်းဆိုင်ရာ အမှန်တရားများမှာ ဘက်လိုက်သော အနောက်မီဒီယာနှင့် အစ္စလာမ်မီဒီယာများ၏ အလွယ်တကူ လျစ်လျူရှုခြင်းကို ခံနေရသည်။
နိုင်ငံတကာတွင် ဆွန်နီတတ်ဖီရီ မွတ်ဆလင်များက မွတ်ဆလင်မဟုတ်သော လူမျိုးများ၊ လူနည်းစု မွတ်ဆလင်များနှင့် ရှီးယားမွတ်ဆလင်များကို နိုင်ငံများစွာ၌ သတ်ဖြတ်သုတ်သင်လျက်ရှိသည်။ အလားတူပင် ဟိန္ဒူဘာသာသည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် တွင် ခေါင်းမထောင်နိုင်သကဲ့သို့ အိန္ဒိယတွင်လည်း အစ္စလာမ်ဘာသာအတွက် အတိုက်အခံ ရပ်တည်၍ မရပေ။ တစ်နည်းအားဖြင့် အဆုံးမရှိသော တစ်ဖက်သတ် လူ့အဖွဲ့အစည်း ထူထောင်မှုစစ်ပွဲသည် အိန္ဒိယတိုက်ငယ်တွင် ညီတူညီမျှ သက်ရောက်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များ သုတ်သင်ရှင်းလင်း ခံနေရသောကြောင့် မြန်မာနိုင်ငံတွင်းမှ အစွန်းရောက် ဗုဒ္ဓဘာသာဝင်အချို့ကလည်း ကိုယ်တိုင်ကာကွယ်ရေးကို လိုလားနေကြသည်မှာ အဆန်းမဟုတ်တော့ပေ။
ထို့အပြင် နှစ်ပေါင်းရာချီသော သမိုင်းကြောင်း တစ်လျှောက် အစ္စလာမ်ကျူးကျော်တပ်များက ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားပုထိုးများ၊ ဘုန်းကြီးကျောင်းများကို မရေမတွက်နိုင်အောင် ဖျက်ဆီးခဲ့ကြခြင်းကို ဗုဒ္ဓဘာသာဝင်များက ကောင်းစွာသိရှိ နားလည်ထား ကြသည်။ အမှန်တကယ်တွင် အာဖရိကလူမည်းများကို ခရစ်ယာန်နှင့် မွတ်ဆလင်တို့က ကျွန်ပြုခဲ့ခြင်းသည် သမိုင်းအမှန်ဖြစ်ပြီး မွတ်ဆလင်တို့၏ ကျွန်ပြုမှုသည် အာဖရိကတွင် ပမာဏကြီးမားစွာ ပထမဆုံး စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးမှ အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် မတူသောအမြင်ကို ကြားသိရန်နှင့် သိက္ခာချ ပုံဖျက်မှုကို ကိုင်တွယ်ရန် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းအချို့က ကိုယ်တိုင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံသော အယူအဆများကို စဉ်းစားလာခဲ့ကြသည်။
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များကို ပြစ်တင်ရှုတ်ချနေသော သတင်းမီဒီယာများသည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့ကို ရှင်းလင်းသုတ်သင်သည့် ရှာရီယာ အစ္စလာမ်ဥပဒေ၏ အမှန်တရားကို မျက်ကွယ်ပြုနေကြခြင်းဖြစ်သည်။ "အဆိုပါ ဘာသာကိုးကွယ်မှု များကို အစ္စလာမ် ရှာရီယာနိုင်ငံများတွင် တန်းတူညီမျှ ခွင့်ပြုသလား၊ ဆော်ဒီအာရေးဗီးယားတွင် ဗုဒ္ဓဘာသာဝင် အမျိုးသားများက မွတ်ဆလင်အမျိုးသမီးများကို လွတ်လပ်စွာ လက်ထပ်နိုင်သလား" ဟူသော မေးခွန်းများအတွက် အဖြေမှာ လွန်စွာ တိကျရှင်းလင်းသည်။ အကြောင်းမှာ အစ္စလာမ်မဟုတ်သော ဘာသာများကို ရှာရီယာဥပဒေအရ ရက်စက်စွာ နှိပ်ကွပ်သောကြောင့်ဖြစ်သည်။ ယခုခေတ် ဆော်ဒီနိုင်ငံတွင် မွတ်ဆလင်အမျိုးသမီးတစ်ဦးကို ချစ်ကြိုက်မိသော ဗုဒ္ဓဘာသာဝင် အမျိုးသားသည် ထောင်ဒဏ် (သို့) သေဒဏ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။ သို့သော် အနောက်မီဒီယာများက အစ္စလာမ်ဖက်ဆစ်ဝါဒကို ပြစ်တင်ရှုတ်ချခြင်းမပြုဘဲ မြန်မာနိုင်ငံမှ ဘုန်းကြီးများနှင့် ဗုဒ္ဓဘာသာဝင်များကိုသာ ပစ်မှတ်ထားလျက်ရှိသည်။
အလားတူပင် မြန်မာနိုင်ငံတွင်လည်း မွတ်ဆလင်များ အသတ်ခံရခြင်းကို မျက်ကွယ်ပြုနေကြသည်။ အဓိကအကြောင်းမှာ သမိုင်းတစ်လျှောက် ဗုဒ္ဓဘာသာဝင် မဟုတ်သော မည်သည့်လူမျိုးထက်မဆို ခရစ်ယာန် ဘာသာကိုးကွယ်သော ကချင်၊ ကရင် စသော တိုင်းရင်းသားများက ပို၍ အသတ်ခံရသောကြောင့်ဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်ဘာသာဝင်များ အမြောက်အမြား သေဆုံးမှုကို ယနေ့ကာလ ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ သေဆုံးသည့်ဖြစ်စဉ်ကဲ့သို့ မျက်နှာဖုံးသတင်း ဖော်ပြမှုမရှိခဲ့ပေ။ တစ်နည်းအားဖြင့် အနောက်မီဒီယာနှင့် အစ္စလာမ်မီဒီယာများသည် ဆွန်နီမွတ်ဆလင်တို့အတွက် ၀ါဒဖြန့်သော ဘက်လိုက်မီဒီယာ ညွတ်ကွင်းတွင် သက်ဆင်းကျရောက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ခြိမ်းခြောက်မှုနှင့် သတ်ဖြတ်မှုများသည် နှစ်ဖက်စလုံးတွင် ဖြစ်ပွားနေသော်လည်း ကိုဆိုဗို၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင် ဖြစ်ရပ်များကဲ့သို့ပင် အနောက်အုပ်စုနှင့် ဆွန်နီမီဒီယာများ၏ ဘက်လိုက်သော သတင်းတင်ပြမှုများကိုသာ တွေ့မြင်နေရ သည်။ အလားတူပင် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာ ကိုးကွယ်သော လူမျိုးစုများ နှိပ်ကွပ်ခံနေရသော ဖြစ်ရပ်များမှာလည်း လုံးဝကွဲပြားခြားနားသော သတင်းဖော်ပြမှုပုံစံသို့ လျှော့ချထားခြင်း ခံနေရသည်။ ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးလွတ်လပ်ခွင့် လှုံ့ဆော်သူများကို သတ်ဖြတ်နေသည့် ဆွန်နီအစ္စလာမ္မစ် စစ်သွေးကြွများသည် ယင်းကဲ့သို့ ဘက်လိုက်သော သတင်းမီဒီယာ ဖော်ပြမှုကြောင့် အခွင့်သာလျက်ရှိသည်။ ယင်းအချက်ကြောင့် IS အဖွဲ့၊ အယ်လ်ရှာဘတ်၊ အယ်လ်ကေဒါ၊ ဘိုကိုဟာရမ် စသော အကြမ်းဖက်အုပ်စုများနှင့် ဘာသာကွဲ ပိတ်ပင်သော ဆော်ဒီအာရေးဗီးယားကဲ့သို့ နိုင်ငံများသည်လည်း အခွင့်သာလျက်ရှိသည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ရှုပ်ထွေးခဲ့သော ပြဿနာများစွာကို ကျော်လွှားရန်အတွက် ရိုးဖြောင့်သော အကျိုးဆောင်များကို လိုအပ်နေသည်။ နိုင်ငံတကာ ဂျီဟတ်အကြမ်းဖက်သမားများ မရှေးမနှောင်း ၀င်ရောက်လာတော့မည်ဖြစ်ရာ မီဒီယာနှင့် ကုလသမဂ္ဂတို့၏ ၀င်ရောက်စွက်ဖက်မှုသည် နောက်ထပ် သွေးစွန်းသော အခြေအနေများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။
The Voice
2.12.2016
2.12.2016
