သီတဂူ ဒေါက်တာ အရှင်ဣန္ဒာစရိယ၏ ကျမ်းပြု စာတမ်း “ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် နိုင်ငံရေး” (သီတဂူ ဒေါက်တာ အရှင်ဣန္ဒာစရိယ)

ထေရ၀ါဒဗုဒ္ဓသာသနာတွင် ရဟန်းတော်များ လေ့လာသင်ယူနေကြသည်မှာ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ ဖြစ်သည်။ ၀ိနည်းသည် စည်းကမ်းဖြစ်သည်။ သုတ္တန်သည် နည်းလမ်းဖြစ်သည်။ အဘိဓမ္မာသည် လောက၏ သဘောသဘာဝ တရားများဖြစ်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ သုတ္တန်ဒေသနာတော်များကို သင်ယူပြီးသော ရဟန်းတော်တို့သည် မြတ်စွာဘုရားရှင်၏ အလောင်းတော်ဘ၀မှာ အများအကျိုးသယ်ပိုးခဲ့ပုံများကို စံထားကြသည်။ ယခုပစ္စုပ္ပန်ဘ၀မှာ ပြုမူသွားပုံများကိုလည်း အတုယူကြသည်။ သုတ္တန်တရားဓမ္မများကို လေ့လာသင်ယူပြီး ဆောင်သင့်သည်ကို ဆောင်၍၊ ရှောင်ကြဉ်သင့်သည်ကို ရှောင်ကြဉ်ကြ၏။ စံနမူနာထားသင့်သူကို စံနမူနာထားကြ၏။ ညီညွတ်သင့်သော အရာများတွင် ညီညွတ်ကြ၏။
မြတ်စွာဘုရားရှင်သည် အများချမ်းသာပြီး အကျိုးရှိမည့် နေရာများသို့ ကြွရောက်တော်မူခဲ့သည်။ ကောလိယနှင့် ဒေ၀ဒဟနှစ်ပြည်ထောင် ရောဟိနီမြစ်ရေကိုအကြောင်းပြု၍ သွေးချောင်းစီးမည့် နှစ်နိုင်ငံအရေးကိုမြင်သော မြတ်စွာဘုရားသည် စစ်ဖြစ်သည့်နေရာသို့ အရောက်သွားပြီး ငြိမ်းချမ်းရေးတရား ဟောကြားခဲ့သည်။ (နိုင်ငံရေးပင် မဟုတ်ပါလော)။ လိစ္ဆ၀ီမင်းတို့အား အကြိမ်ကြိမ်တိုက်သော်လည်း အနိုင်မရသော အဇာတသတ်သည် မြတ်စွာဘုရားထံတွင် နိုင်နိုင်သည့်နည်းလမ်းကို သွားတောင်းခိုင်းသည့် ၀ဿကာရအမတ်ရောက်လာစဉ် လိစ္ဆ၀ီတို့ကုသိုလ်အခွင့်အရေးကို အခါကိုကြည့်၍ ညီညွတ်နေသရွေ့ မည်သူကမျှတိုက်ခိုက်၍ မအောင်မြင်နိုင်ကြောင်းကို အရှင်အာနန္ဒာပြောပြ၍ ၀ဿာကာရအမတ်သိအောင် ပြုခြင်းကိုလည်း နိုင်ငံရေးဆိုလျှင် ငြင်းဖွယ်ရာရှိမည် မထင်ပါပေ။
ထိုကဲ့သို့ မြတ်စွာဘုရားရှင်၏ လောကအရေး နိုင်ငံ့အရေးတို့ကို ပါဝင်ဆောင်ရွက်ခဲ့သော သုတ္တန်သာဓကများကိုကြည့်၍ နိုင်ငံရေးကောင်းမွန်မှ တိုင်းပြည်အတွင်း စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုစသည်တို့ ဖွံ့ဖြိုးတိုးတက်မည်ကို သိသောရဟန်းတော်တို့သည် ခေတ်အဆက်ဆက် လောကတ္ထစရိယ အနေအားဖြင့် နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ပတ်သက်ခဲ့ကြရပါသည်။ 
သီဟိုကျွန်း(သီရိလင်္ကာနိုင်ငံ) ဒုဋ္ဌဂါမဏိမင်း တမီးလ်သူပုန်တွေကို တိုက်သည့်တိုက်ပွဲမှာ သံဃာတော်များက စစ်ပွဲအရှေ့ကကြွသည်။ သို့သော် ဒုတ် ဓား လေး မြား စသောလက်နက်တို့ကို မကိုင်ဆောင်ကြ၊ သူတို့ကိုင်ဆောင်ကြသည်မှာ မေတ္တာလက်နက်သာဖြစ်သည်။ တစ်ခါတစ်လေ နှစ်ဘက်ပစ်ခတ်နေသည့်ကြား သံဃာတော်များ ကြွပေးကြသည်။ ရန်သူ့ဘက်က လေးမြားတို့ ဘုရင်ကိုမထိ။ ဤကဲ့သို့ နိုင်ငံတော်အကြပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါ စစ်ပွဲများသော်မှ သံဃာတော်များ ပါဝင်ခဲ့ဖူးသည်။ (စူဠ၀င်)
ပုဂံခေတ် ပံ့သုကူမထေရ်သည် အလောင်းစည်သူမင်း နတ်ရွာစံပြီကြားသိတော့ မန္တလေး အောင်ပင်လယ်တွင် မင်းကြီးပို့ထား၍ရောက်နေသော သားတော်ကြီးမင်းရှင်စောသည် ရေအားကြည်းအားဖြင့် စစ်ချီကာ ပုဂံကိုသိမ်းပိုက်ရန်ကြံခဲ့သည်။ ပုဂံတွင်ရှိသော နရသူသည် ပံ့သုကူမထေရ်အား ချဉ်းကပ်ကာ “နောင်တော်မင်းရှင်စောလည်း ခမည်းတော်မရှိကြောင်းကို ကြားတော်မူလျှင် ရေအား ကြည်းအားချီ၍ ခမည်းတော်အရာ ရွှေထီးရွှေနန်းကို သိမ်းတော်မူမည်ဟု ကြားသည်။ ဤကဲ့သို့ အလုံးအရင်းနှင့် ချီတော်မူသော် ကြားချေတော့မည်ဖြစ်သည်။ ကြား၍လည်း ပြည်ထဲရေးသည် မသင့်တော်ချေ၊ တပည့်တော်ရှိနေပြီပဲဘုရား ဓားတစ်စင်း၊ မြင်းတစ်စီးနှင့် အလျင်ကြွတော်မူ၍ နန်းတက်တော်မူမည့်အကြောင်း နောင်တော်အားခေါ်တော်မူပေးပါ”ဟုလျှောက်၏။ ပံ့သုကူမထေရ်ကလည်း “ငါခေါ်၍ရောက်လာသောအခါ မင်းမမြှောက်ဘဲနေလျှင်မူကား ငါရဟန်းနှင့်မလျော်ရှိလတံ့သည်”ဟူ၍ မိန့်တော်မူ၏။ နရသူလည်း “နောင်တော် ဓားကိုထမ်း၍ နန်းတင်ပါမည်”ဟူ၍ သစ္စာကြီးစွာပြု၏။ ပံ့သုကူမထေရ်လည်း နရသူ(ကုလားကျ) သစ္စာပြုသည်ကို ယုံကြည်တော်မူ၍ မင်းရှင်စောရှိရာ ကြွတော်မူလေ၏။ မင်းရှင်စောလည်း မထေရ်စကားကို ကြားတော်မူလေသော် ယုံတော်မူ၍ ရွှေလှော်ကားတစ်စင်းနှင့်သာ မထေရ်ကိုတင်၍ စုန်လာတော်မူ၏။ လက်ပံဆိပ်သို့ရောက်လျှင် နရသူလည်း သစ္စာပြုသည့်အတိုင်း လှေသို့ဆင်း၍ နောင်တော်၏ သံလျှက်ကို ထမ်းပြီးသော် နန်းတင်လေ၏။ ဘိသိက်သွင်းပြီး၍ ထိုညဥ့်တွင် စားတော်ဝယ်အဆိပ်ခတ်ဘိ၍ အနိစ္စရောက်တော်မူလေသည်။
မင်းရှင်စော အနိစ္စရောက်တော်မူလျှင် နရသူမင်းဖြစ်တော်မူ၏။ ထိုသို့ဆေးခတ်၍ အနိစ္စရောက်ကြောင်းကို ပံ့သုကူမထေရ်ကြားတော်မူသော် နန်းတော်သို့သွား၍ “ဟယ် မင်းဆိုး မင်းညစ် - သင်ကား သံသရာဝယ်ခံရအံ့သော မကောင်းမှုကိုမကြောက်၊ ဤစည်းစိမ်ကိုရလျှင် သင်၏ကိုယ်ခန္ဓာသည် မအိုမသေပြီဟူ၍ မှတ်သလော။ လောကတွင်သင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ”ဟူ၍ မိန့်တော်မူ၏။ နရသူလည်း အရှင်ဘုရားထံ သစ္စာခံသည့်အတိုင်း နောင်တော်သံလျှက်ကိုထမ်း၍ နန်းတင်ပါ၏တကား ဟု ဆို၏။ အရှင်မြတ်လည်း လူ့ပြည်တွင် “သင့်ထက် ဆိုးသွမ်းညစ်ညမ်းသောသူ မရှိပြီ”ဟု မိန့်တော်မူ၍ သီဟိုဠ်ကျွန်းသို့ကြွတော်မူ၏။ နှလုံးသား၌တရားရှိနေသော မထေရ်တို့သည် ကတိနှင့်သစ္စာကို အလွန်တန်ဖိုးထားသည်ကိုတွေ့ရသည်။ (မှန်နန်းရာဇ၀င်သုံးတွဲပေါင်း၊ နှာ- ၁၈၈)၊ (ဦးကုလား မဟာရာဇ၀င်၊ နှာ- ၂၀၅)
ထိုပုဂံခေတ်မှာပင် နရသီဟပတေ့မင်းခေါ် တရုတ်ပြေးမင်းသည် တရုတ်များကိုရှုံးနိမ့်ပြီး ပုသိမ်သို့ထွက်ပြေးမည်ပြုရာ လှေပေါ်တွင်မဆန့်သည့် (တင်၍မနိုင်သည့်) အတွင်းစေ ကိုယ်လုပ်မောင်းမငယ် ၃၀၀ တို့အား တရုတ်လက်တွင်းအပ်မည့်အစား သတ်တာကောင်းမည်ဟုကြံစည်ကာ မိန့်တော်မူ၏။ မင်းဆရာတော်မထေရ်က “မင်းကြီး သံသရာမှာ လူ့အဖြစ်ကိုရခဲသည်၊ သူတို့ကို ရေ၀ယ်ပစ်ချသတ်သော် ထိုအပြစ်ကို မင်းကြီးခံရပေလိမ့်မည်၊ နောင်တွင် အပြစ်ဆိုချင်စရာ သမိုင်းဆိုးတွင်သွားပေလိမ့်မည်”ဟု ဟောကြားလိုက်သည့်အခါမှ မောင်းမငယ်တို့အသက်ချမ်းသာရသွားကြသည်။ ဤကဲ့သို့ ရှုတ်ထွေးနေသည့် နိုင်ငံရေးထဲသို့ မင်းဆရာသွားရောက်၍ ကူညီခဲ့ဖူးသည်။ အသက်များစွာ ချမ်းသာခဲ့ဖူးသည်။ (မှန်နန်းရာဇ၀င်၊ ပ-အုပ်၊ နှာ- ၃၅၃) (ဦးကုလား မဟာရာဇ၀င်၊ ပ-အုပ်၊ နှာ-၂၄၈)။
မြန်မာသက္ကရာဇ်(၇၀၀)ကျော်တစ်ဝိုက်မှာ အင်းဝနှင့် ဟံသာဝတီနိုင်ငံနှစ်ခုတို့ဟာ ဘုန်းတန်ခိုးတွေ အပြိုင်ထခဲ့ကြသည်။ အဲဒီခေတ်က မြန်မာနိုင်ငံသည် ယခုကဲ့သို့ အကျယ်ကြီးမဟုတ်သေးပါ။ မြန်မာမင်းအုပ်ချုပ်တဲ့ အင်းဝနိုင်ငံကတစ်ခု၊ မွန်တွေအုပ်စိုးနေတဲ့ ဟံသာဝတီ(နေ့ခေတ်ပဲခူး)က နိုင်ငံတစ်ခု။ ရှမ်း၊ ရခိုင်စသည်တို့ကလည်း သူ့ဘုရင်နှင့်သူပင် ဖြစ်ကြပေလိမ့်မည်။ မြန်မာဆိုတဲ့အမျိုးက သွေးဆူသည်ပြောလျှင် မှားမည်မထင်ပေ။ အကြောင်းမှာ သမိုင်းပြန်ကြည့်ရင် သူများနှင့်တိုက်ရင်တိုက် မတိုက်ရင် ကိုယ့်အချင်းချင်းပြန်တိုက်နေကြတာ တွေ့ရသောကြောင့် ဖြစ်သည်။ (အင်းဝနှင့် ပဲခူးဆိုတာလည်း အချင်းချင်းပဲဆိုပါတော့)
တစ်နေ့တော့ ဟံသာဝတီဘုရင် ရာဇဓိရာဇ်(ဗညားနွဲ့)က အင်းဝဘုရင်(မင်းခေါင်)ကို တိုက်ခိုက်ဖို့ ရေအား ကြည်းအား အလုံးအရင်းနဲ့ အထက်မြန်မာပြည်ကို ထိုးစစ်ဆင်ချီတက်လာခဲ့သည်။ အင်းဝရောက်တော့ မြို့ရဲ့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့လိုက်ပါတယ်။ မြို့အတွင်းရှိတဲ့မြန်မာတွေ အစားအစာကအစ အခက်တွေ့လာကြသည်။ အင်းဝဘုရင်ဘက်က အညံ့လည်းမခံ၊ အနိုင်လည်း မပေးလိုဖြစ်နေသည်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မြို့အတွင်းရှိသည့်စစ်သည်၊ ဗိုလ်ပါ ရဲမက်တွေလည်း မတတ်နိုင်၊ နောက်ဆုံးပင်းယတွင် သီတင်းသုံးသည့် စကြို(စာကြို) သူမြတ်ကို လျှောက်ကြလေ၏။ “မွန်မင်း ရာဇာဓိရာဇ်ကို မဆိုထားနှင့် ဇမ္ဗူဒိတ်မြေအပြင် ၀ယ်ရှိသော မင်းအပေါင်းလာရောက်သော်လည်း၊ နှုတ်ရေးဖြင့် ပြန်လေအောင် ငါစွမ်းဆောင်နိုင်သည်”ဟု မိန့်တော်မူ၏။ စကြို(စာကြို)သူအရှင်မြတ်၏ မေတ္တာစာ၊ နှုတ်မှုစွမ်းရည်ကြောင့် နှစ်နိုင်ငံစစ်ရေးသည် ပြေလည်သွားခဲ့ကြသည်။ အင်းဝနေပြည်တော်မှ ဒုက္ခရောက်နေကြသည့် ပြည်သူ/သားတွေလည်း ဒုက္ခမှ လွတ်မြောက်ကြလေသည်။ ထိုနိုင်ငံအရေးဝင်ရောက် ဆောင်ရွက်သူမှာ သက်တော်(၃၁)၊ သိက္ခာ(၁၁)၀ါမျှသာ ရှိသေးသည့် “အရှင်တေဇယန္တ”ခေါ် စကြို(စာကြို)သူအရှင်မြတ်ဖြစ်သည်။ သတ္တ၀ါတွေချမ်းသာဖို့အတွက် လိုအပ်ရင် ၀င်ရောက်ဖြေရှင်းပေးတာဟာ သူတော်ကောင်းတို့ရဲ့ လောကတ္ထစရိယကျင့်စဉ်တစ်ခုပင်ဖြစ်ပါတယ်။ (မှန်နန်းမဟာရာဇ၀င် နှာ-၂၆၈)။ ထိုပုဂံခေတ်၌ပင် ရှင်ဒိသာပါမောက္ခသည် တရုတ်ပြည်သွား၍ နိုင်ငံရေးဆောင်ရွက်ခဲ့ပုံများကိုလည်း မြန်မာ့သမိုင်း ရာဇသမိုင်းတွင် လေ့လာတွေ့ရှိနိုင်သည်။ 
မြန်မာ့လွတ်လပ်ရေးလမ်းပြ ဆရာတော်ဦးဥတ္တမ
မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များအကြောင်းပြောလျှင် ဆရာတော်ဦးဥတ္တမနှင့် ဦးဝိစာရတို့ကို ချန်လှပ်မရနိုင်ပေ။ မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှူးတန်ဆောင် အာရှတိုက်၏ ထွန်းသစ်ကြယ် အရှင်ဥတ္တမကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရူပရုပ်၊ ချောင်နားတန်းတွင် ဖခင်ဦးမြသာဦး၊ မိခင် ဒေါ်အောင်ကျော့ဖြူတို့မှ (၁၈၈၀) ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင်ဖြစ်သည်။ (၁၅)နှစ်အရွယ်တွင် ပေါ်ထွန်းအောင် ရှင်သာမဏေအဖြစ်ခံယူသည်။ 
ရှင်ဥတ္တမသည် ရန်ကုန်၊ မအူပင၊ ပဲခူး၊ တောင်ငူ၊ မန္တလေးနှင့် ပခုက္ကူမြို့များတွင် လှည့်လည်နေထိုင် ဗုဒ္ဓစာပေ ပညာသင်ယူခဲ့သည်။ အသက်(၁၇)နှစ်အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (Y.M.B.A=Young Men’s Buddhist’s Associations)ကို တက္ကသိုလ် ပညာတတ်များဖြစ်သော ဦးဘဖေ(ဘကြီးဘဖေ)၊ ဦးမောင်ကြီး(အမ်အေ)၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထူထောင်ပြီး “အမျိုး ဘာသာ သာသနာ ပညာ”ဟူသော ဆောင်ပုဒ်ဖြင့် စတင်လှုပ်ရှားလာကြသည်။ ထိုအသင်းတွင် တက်ကြွစွာ ဦးဆောင်လှုပ်ရှားမှုပြုခဲ့သည်။ ၁၉၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွါသွားသည်။
မန္တလေးတွင် မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သော မြန်မာ့တာရာသတင်းစာပိုင်ရှင် ဦးကျော်ရန်တို့နှင့် လက်တွဲပြီး မြန်မာ့နိုင်ငံရေးနှိုးကြားမှုများကို ဟောပြောသည့်အပြင် ရန်ကုန်မြို့တွင် ထုတ်ဝေနေသော သူရိယသတင်းစာတွင်လည်း အမျိုး ဘာသာ သာသနာကိုစောင့်ရှောက်ရေးနှင့် ကျွန်ဘ၀မှ လွတ်မြောက်ရေးတို့ကို လှုံ့ဆော်ရေးသားခဲ့ပါတယ်။ အများဆုံး တိုက်တွန်းရေးသားချက်များမှာ ၀ံသာနုရက္ခိတတရားများနှင့် မြန်မာပြည်တွင်းဖြစ် ပင်နီနှင့်ယောလုံချည်ဝတ်ဆင်ရေး၊ နိုင်ငံခြား အ၀တ်အထည်များ သပိတ်မှောက်ရေးဖြစ်သည်။ 
၁၉၁၁ ခုနှစ်နောက်ပိုင်းတွင် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေးအတွက် ထိုစဉ်က စကားအတိုင်းဟုမ်းမ်ရူး(Home Ruke) ရရှိရေးအတွက် စည်းရုံးလှုံ့ဆော်တရားများ ဟောခဲ့သည်။ ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးတရားများကို မြို့ကြီး၊ မြို့ငယ်များတွင်သာမက တောလက်ကျေးရွာများတိုင်အောင် ဟောပြောခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ဒေးဒရဲမြို့နယ်၊ ဆူးကလပ်နှင့် တမာတကောကျေးရွာတို့တွင် ဦးဥတ္တမဟောပြောခဲ့သော နိုင်ငံရေးတရားများသည် ဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)နှင့် ၁၅၃ (က)တို့ဖြင့် ဖမ်းဆီး၍ မအူပင်ခရိုင် တရားရုံးတွင် အမှုစစ်ပြီး ထောင်ဒဏ်(၁)နှစ်နှင့် (၈)လ အလုပ်မဲ့ထောင်ဒဏ်ချမှတ်ခြင်း ခံရသည်။ တစ်ပြည်လုံးရှိ ရဟန်းသံဃာတော်များစုစည်းပြီး ဦးဥတ္တမကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအကျိုးထမ်းဆောင်ရန်အတွက် သံဃသာမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းထူထောင်လာကြသည်။ 
၁၉၂၄ ခုနှစ် ရန်ကုန်မြို့တွင်ကျင်းပသည့် လူထုအစည်းအဝေးကြီးတစ်ခုတွင် ဦးဥတ္တမသည် အခွန်မပေးရေးလှုံ့ဆော်ခဲ့ရာ ဥပဒေကိုကျူးလွန်သည်ဆိုကာ အစိုးရကိုအကြည်အညိုပျက်စေသည့် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲပြီး ရန်ကုန်ခရိုင် တရားသူကြီးက ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ် အပြစ်ပေးလိုက်သည်။ ထောင်မှလွတ်ပြီး ရန်ကုန်မှ ဗိုလ်တစ်ထောင်ဘုရားဝင်းအတွင်း တရားပွဲတွင် သင်္ကန်းချွတ်ပြီး အတွင်းတွင် ၀တ်ထားသော ထောင်ဝတ်စုံကိုပြလိုက်ရာ ပြည်သူတစ်ရပ်လုံး မခံမရပ်နိုင်ဖြစ်ကြလေသည်။
၁၉၃၅ ခုနှစ်များနောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေတ်ပညာတတ်လူငယ်များ ဦးဆောင်သည့် ဒို့ဗမာအစည်းအရုံး(သခင်ပါတီ)ပေါ်ပေါက်လာသောအခါ ဆရာတော်ဦးဥတ္တမက သခင်များကို အားပေးချီးမြှောက်ပြုခဲ့သည်။ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုခရီးတစ်လျှောက် ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ ၀ံသာနု၊ ကုမ္မာရီအသင်းအဖွဲ့များ ခေတ်မှသည် ဒို့ဗမာအစည်းအရုံးတိုင်အောင် ဆရာတော်ဦးဥတ္တမသည် မှန်ကန်သော ဦးဆောင်လမ်းညွှန်မှုကိုပေးခဲ့သည်။ ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် သြဂုတ်လ(၇)ရက်နေ့တွင် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာခဲ့သည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၁၁)ရက်၊ တနင်္လာနေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ မင်းတိုင်ပင်အမှတ်များက ဆရာတော်ဦးဥတ္တမပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းကြောင်းနှင့် ကျန်ရစ်သူမိသားစုထံ ၀မ်းနည်းသ၀ဏ်လွှာပို့ရန်၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနှစ်ရွေ့ဆိုင်းရန်အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းတိုင်ပင်အမတ်အားလုံးက တညီတညွတ်တည်း အတည်ပြုကြသည်။ ဆရာတော်ဦဥတ္တမသည် မြန်မာပြည်အတွက် နိုင်ငံရေးမျက်စိကို ပထမဦးဆုံးဖွင့်ပေးသူဖြစ်သည်။ ကိုယ်ကျိုးမငဲ့ အနစ်နာခံပေးခဲ့သူဖြစ်သည်။ ပျံလွန်တော်မူခြင်းမှာ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်သည်။
ဦးဝိစာရ၏ ဘ၀ဖြစ်စဉ်အကျဉ်း
ဆရာတော်ဦးဝိစာရကို ဦးပြားနှင့် ဒေါ်ဇလပ်တို့မှ မုံရွာခရိုင်၊ ချောင်ဦးမြို့အပိုင် ကမ်းနိမ့်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၅၀ (ခရစ်နှစ်-၁၈၈၈) တန်ခူးလပြည့်ကျော်(၆)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ 
ဦးဝိစာရ၏ အမျိုးသားရေးစိတ်ဓာတ်သည် ၁၂၈၀ ပြည့်တွင် မန္တလေးအိမ်တော်ရာ ဘုရားပွဲတော်ကြီးသို့ အင်္ဂလိပ်လူမျိုး၊ မန္တလေး ရာဇ၀တ်ဝန် မစ္စတာစတီးဝပ်ဆိုသူသည် နောက်ပါပုလိပ်များ ခြံရံကာ ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီ၍ တက်ရောက်သည်ကို ကြုံရပြီး နိုးကြားခဲ့ရသည်။
ဦးဝိစာရသည် ၁၂၈၂ ခုနှစ်လောက်တွင် ပခုက္ကူမှနေ၍ သံသမဂ္ဂအဖွဲ့သို့ဝင်ပြီး မလှိုင်၊ ပန်းအိုင်နယ်တွင် အစိုးရတို့၏ မြေအခွန်တော်သစ်နှင့်ပတ်သက်ပြီး နိုင်ငံရေးတရားဟောကြားခဲ့သည်။ အစိုးရအကြည်အညိုပျက်အောင် ဟောပြောမှုကြောင့်ဆိုကာ ဦးဝိစာရအား ထောင်(၆)လ အပြစ်ပေးခဲ့သည်။ ဆရာတော်ဦးဝိစာရသည် ၁၉၂၆ မှ စတင်ကာ အင်္ဂလိပ်အစိုးရ၏ အာဏာဖီဆန်မှု ဥပဒေပုဒ်မဖြင့် ထောင်ဒဏ်အကြိမ်ကြိမ် အပြစ်ပေးခံခဲ့ရသည်။
နိုင်ငံရေးနှင့်ထောင်နန်းစံနေစဉ် ဥပုသ်နေ့တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၀ိနည်းသိက္ခာပုဒ်နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုသ်ပြုရန် ထောင်အာဏာပိုင်တို့ထံ စာရေးပို့ခဲ့သည်။ ခွင့်မပြုသဖြင့် ဆွမ်းမစားဘဲ ဆန္ဒပြခဲ့သည်။ ရက်(၄၀)ကြာမှ ဥပုသ်ပြုခွင့်ရ၍ ဆွမ်းပြန်စားသည်။
၁၉၂၇ ခုနှစ်မေလတွင် ထောင်ဒဏ်တစ်နှစ်နှင့်ကိုးလ ထောင်ကျရာ ထောင်ထဲတွင် သင်္ကန်းဝတ်ခွင့်မရ၍ ကိုယ်လုံးတီးသာနေခဲ့သည်။ အစာမစားဘဲ ဆန္ဒပြရက်(၄၀)ကျော်လာခဲ့သည်။ ဂုန်နီအိတ်ပေါ် ဗုန်းဗုန်းလဲ၊ တံတားလေးစိတ်ရောဂါကုဆေးရုံသို့ အပို့ခံခဲ့ရသည်။ (၁၈-၂-၁၉၂၉)တွင် ပြန်လွတ်လခဲ့ပြန်သည်။ (၆-၄-၁၉၂၉)တွင် နောက်တစ်ကြိမ် အဖမ်းခံရစဉ် အချက်သုံးချက်တောင်းဆိုခဲ့သည်။ ၄င်းတို့မှာ -
(၁) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ထားခွင့်ပေးရန်၊
(၂) ထောင်အတွင်း၌ ၀ိနည်းတော်အရ တစ်လ(၂)ကြိမ် ဥပုသ်နေ့တိုင်း ဥပုသ်ပြုခွင့်ပေးရန်၊
(၃) နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်၍ ထောင်အတွင်းရောက် ရဟန်းများအား ထိုက်တန်သော သတင်းသုံးခွင့်ပြုရန် တို့ဖြစ်သည်။
တစ်ဖန် တစ်ကျွန်းပို့ခံရ၊ အလုပ်ကြမ်းနှင့်ထောင်(၆)လကျစသည်ဖြင့် ဘ၀စုံလှသည်။ ဦးဝိစာရနှင့်ပတ်သက်၍ သိရှိရန် (၁၇-၈-၁၉၂၉) နေ့တွင် ၀ံသာနုသတင်းစာတိုက်မှ ကိုယ်စားလှယ်များသည်
ထောင်အတွင်းသို့ ၀င်ရောက်ဖူးမြော်ကြသောအခါ အရိုးနှင့်အရေမျှသာကျန်၍ အားအင်လုံးဝကုန်ခမ်းနေသော ဆရာတော်ဦးဝီစာရကို တွေ့ရ၍ အလွန်စိတ်ထိခိုက် တုန်လှုပ်ခဲ့ရသည်။ ၀ံသာနုသတင်းစာတိုက်မှ ဒကာများကို ဆရာတော်က ပက်လက်နေရာမှ မိန့်ကြားရာတွင် “သာသနာတော်အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွတ်တော်မူခဲ့ကြဖူးသည့် လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်ကိုစွန့်လွတ်၍ မြတ်သော အဓိဋ္ဌာန်ပါရမီကို ပြည့်မြောက်အောင် ဆောင်တည်လျက် နေခြင်းဖြစ်ကြောင်း၊ ယခုအတိုင်းဆိုလျှင် ဥပုသ်(၂)ပတ်မျှသာ ငါ၏အသက်နှင့် ခန္ဓာတွဲရှိနေနိုင်တော့မည်။
သာသနာတော်၏မျက်နှာကို ထောက်ထား၍ အမျိုး ဘာသာ သာသနာ ပညာအတွက် ကြိုးစားဆောင်ရွက်ကြပါ” ဟု မိန့်တော်မူခဲ့သည်။
ရန်ကုန်အကျဉ်းထောင်အတွင်း ဆွမ်းမသုံးဆောင်ဘဲ နေခဲ့သည်မှာ ရက်ပေါင်း (၁၄၀) ကျော် ကြာပြီဖြစ်၍ ဝေဒနာအပြင်းအထန် ခံစားရသည်ဟု သတင်းရ၍ သံဃအထူးအကျိုးဆောင် တာဝန်ခံတွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစိုးသိန်း(ဂျီစီဘီအေ)နှင့် အာလံဦးလာဘတို့သည် ထောင်အတွင်း ၀င်ရောက်ကြည်ညိုခွင့် ရခဲ့ကြသည်။ ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက် မကြည့်ရက်နိုင်အောင် ပုံပန်းသဏ္ဍန် ယိုယွင်းပျက်စီးနေရှာပြီဖြစ်သော ဦးဝိစာရ၏နား အနီးကပ်၍ တပည့်တော်တို့ လာရောက်ကြည့်ရှု့ပါသည် - ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့် “မျက်-မှန်-အ-လှူ-ခံ-ပါ။ သဗ္ဗာ အာပတ္တိယော- အာ-ရော-စ-ယာ-မိ။ တိုင်း-ပြည်-ကို-လိမ်-မာ-ရစ်-ကြ-ပါ-လို့-မှာ-ကြား-လိုက်-ပါ-တယ်”ဟု နောက်ဆုံး မိန့်ကြားခဲ့ပါတယ်။
အစာအငတ်ခံသည့်ရက် (၁၆၆)ရက်၊ သက်တော်(၄၁)နှစ် (၁၉-၉-၁၉၂၉) ကြာသပေးတေးနေ့ ည (၈)နာရီ၊ မိနစ် ၂၀ တွင် ရန်ကုန်ထောင်ကြီးတွင် ပျံတော်မူသည်။ ၁၉၄၂ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့တွင် ကျင်းပသော ဦးဝိစာရကျောက်တိုင်နှင့် ကြေးရုပ်ဖွင့်ပွဲတွင် ထိုအချိန်က စစ်ဝန်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
မျက်မှောက်ခေတ် ဦးနေ၀င်းကာလ၌လည်း အနီးစခန်းဆရာတော်သည် “ကောသလအိပ်မက်(၁၆)ချက်၊ စက္က၀တ္တိသုတ်၊ နှစ်ရာစုခေတ်ကြို”တရားစသည်တို့နှင့် လယ်တီဦးဝိလာသ၏ “သံကွင်းစွပ်”တရားတော် စသည်တို့သည် နိုင်ငံ့အရေး၊ လူအများချမ်းသာရေးအတွက် ဟောကြားချက်များပင်ဖြစ်သည်။
သီတဂူဆရာတော်သည် ၁၉၈၈ အရေးခင်းကာလတွင် “ရာဇောဝါဒ သုတ္တန်”ကို ဟောကြားခဲ့၏။ ထိုတရားတော်ဟောကြားခြင်းအတွက် စစ်အစိုးရသည် သီတဂူဆရာတော်ာအား ဖမ်းစီး၍ လူဝတ်လဲရန် စီစဉ်သည်။ မင်းကွန်းတိပိဋကဆရာတော်အား လျှောက်ထား၍ သဘောဆန္ဒမေးကြည့်ရာ မင်းကွန်းဆရာတော်ဘုရားကြီးမှ “သီတဂူဆရာတော်အား ဖမ်းစီးသင်္ကန်းချွတ်လိုက်လျှင် မိမိအတွက်ပါ ပုဆိုးအင်္ကျီတစ်စုံ အပိုယူခဲ့-ဟု အမိန့်ရှိတော်မူခဲ့ဖူးသည်”ဟု ပါးစပ်ရာဇ၀င်များအရ မှတ်သားရသည်။ သီတဂူဆရာတော်ဘုရားကြီး၏ ၂၀၀၇ ခုနှစ် ဒီဇင်ဘာအရေးအခင်း ကာလများအတွင်း “ဧကရာဇ်မင်းကြီး၏ ဘ၀နိဂုံး”၊“လူမိုက်တို့၏ သွားရာလမ်း ၊” ”Fear and Respect”တရားတော်တို့ကို မကြောက်မရွံ့ ဟောကြားတော်မူချက်များသည်လည်း အများချမ်းသာရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် ဟောကြားချက်များဖြစ်ပါသည်။ ထိုမျှမက များစွာသော တရားဟောဆရာတော်တို့သည် အစွမ်းရှိသမျှတိုင်းပြည်ကို ဟောပြောပြုပြင်ခဲ့ကြသည်။
ရှစ်လေးလုံးအရေးတော်ပုံနှင့် ရွှေဝါရောင်တော်လှန်ရေးတို့တွင် သံဃာများစွာတို့ အသက်ဆုံးရှုံးခဲ့ကြရသည်။ ထောင်တွင်းအကျဉ်းကျခံခဲ့ကြရသည်။ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရသည်။ သတင်းစာထဲမှ ရစရာမရှိအောင် အပုတ်ချကာ အရေးအသားခံခဲ့ကြရသည်။ ထိုရဟန်းတော်တို့ ဤကဲ့သို့သော အလုပ်များ လုပ်နေခြင်းသည် မည်သူ့အတွက်လဲ၊ ဘာအတွက်လည်းဆိုတာ စဉ်းစားကြည့်လျှင် ပို၍စိတ်ဝင်စားစရာကောင်းသည်။ ထိုသို့လုပ်ဆောင်ပြီး သမ္မတဖြစ်သွားသူ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးဖြစ်သွားသူ၊ လွှတ်တော်အမတ်ဖြစ်သွားသူဟူ၍ကား တစ်ဦးမျှမရှိလာခဲ့ပေ။ ထိုရာထူးအာဏာ ပါဝါအတွက်လည်း မဟုတ်ကြပေ။ ထိုရဟန်းတော်တို့ လုပ်ဆောင်ခြင်းနေခြင်းသည်ကား တိုင်းပြည်အတွင်းနေသူ များဗိုလ်လူတို့ ချမ်းသာရေးအတွက်ပင် ဖြစ်သည်။ နိုင်ငံရေးကောင်းလျှင် စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုဖွဲ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ကာ မြတ်ဗုဒ္ဓ၏ သုတ္တန်တရားများကို လေ့လာလိုက်စား၍ လောကတ္ထစရိယနှင့် ဥာတတ္ထစရိယတို့ကို အလုံးစုံဖြည့်ကျင့်နေကြခြင်းပင် ဖြစ်ပါသတည်။

ဒေါက်တာ အရှင်ဣန္ဒာစရိယ
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး
(26.8.2016)


ဝီရသူ-မစိုးရိမ်
13.12.2016


Share: