ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် တရားသောစစ်ဆင်နွှဲမှုကို ထောက်ခံပွဲများ ကျင်းပခဲ့ပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးမျိုးသော ဝေဖန်သံများ၊ ထောက်ခံသံများ ထွက်ပေါ်လျက်ရှိရာ ထိုကဲ့သို့ ထောက်ခံပွဲများ ကျင်းပနေသည့်ကိစ္စအတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် တိုက်တွန်းခြင်း၊ စေခိုင်းခြင်း တစ်စုံတစ်ရာ လုံးဝမရှိကြောင်း မဘသ(ဗဟို)ဥက္ကဋ္ဌဆရာတော်ကြီးမှ ရှင်းလင်းမိန့်ကြားလိုက်သည်။
၂၀၁၆ ခု၊ ဒီဇင်ဘာလအတွင်း ရန်ကုန်နှင့် မိတ္ထီလာမြို့များတွင် မြန်မာ့တပ်မတော်နှင့် တရားသောစစ်ကို ထောက်ခံသည့် ဆန္ဒပြပွဲများ ကျင်းပခဲ့ပြီးနောက် အချို့သောသံဃာငယ်များ ပါဝင်နေမှုအတွက် လိုလားသူ၊ မလိုလားသူ စသည်ဖြင့် အမြင်အမျိုးမျိုး၊ ရိုက်ခတ်မှုအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။
ဖော်ပြပါ တပ်မတော်စစ်ထောက်ခံပွဲများအား မဘသအဖွဲ့အနေဖြင့် စေခိုင်းခြင်း (သို့) မဘသအဖွဲ့နှင့် ပတ်သက်မှု ရှိနိုင်/မရှိနိုင် အစရှိသည့် မေးခွန်းထုတ်ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိရာ မဘသအနေဖြင့် တရားသောစစ်ဆင်နွှဲမှုကို ထောက်ခံချက်များနဲ့ပတ်သက်ပြီး လုံးဝစေခိုင်းထားခြင်းမရှိကြောင်း ဥက္ကဋ္ဌဆရာတော်ကြီးက မိန့်ကြားလိုက်ခြင်းဖြစ်သည်။
`တရားသောစစ် ဆင်နွှဲနေမှုအပေါ် ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာချိန်မှာ နယ်ပယ်စုံက အသံမျိုးစုံ ကြားရတယ်ပေါ့။ တချို့မလိုလားတဲ့သူတွေကလည်း ဒီထောက်ခံပွဲတွေကို မဘသအဖွဲ့ကြီးကပဲ အားပေးတိုက်တွန်းနေသလို၊ စေခိုင်းနေသလို မေးခွန်းထုတ်လာတာမျိုးရှိတယ်။
တကယ်တမ်းတော့ ဆရာတော်တို့မဘသအဖွဲ့ကြီးဟာ စစ်ထောက်ခံပွဲတွေလုပ်ဖို့ စေခိုင်းတိုက်တွန်းခြင်း လုံးဝမရှိသလို ကန့်ကွက်ပိုင်ခွင့်လည်း မရှိပါဘူး။ ဆိုင်ရာအဖွဲ့အစည်းတွေက သူ့အမြင်၊ သူ့ထောက်ခံမှုနဲ့သူ လုပ်နေကြတယ်လို့ပဲ မြင်ပါတယ်။ အဓိကကတော့ တရားသောစစ်ဆင်နွှဲမှုထောက်ခံပွဲတွေဟာ မဘသ(ဗဟို)ရဲ့ ညွန်ကြားချက်မပါဝင်ဘူးဆိုတာကိုပဲ သိလိုရင်းပါ´ဟု ဥက္ကဋ္ဌဆရာတော်ကြီး ဘဒ္ဒန္တအရှင်တိလောကာဘိဝံသက မိန့်ကြားသည်။
ထို့အပြင် စစ်ထောက်ခံပွဲဖြစ်ပြီး သူများကို သတ်ခိုင်းသလိုဖြစ်နေသောကြောင့် ၀ိနည်းအပြစ် ရှိနိုင်/မရှိနိုင်ဆိုသော အငြင်းပွားနေမှုများနှင့်ပတ်သက်ပြီးလည်း ဥက္ကဋ္ဌဆရာတော်ကြီးက `ဒီလိုထောက်ခံပွဲတွေမှာ သံဃာတော်တွေပါဝင်နေတဲ့အတွက် အပြစ် ရှိ/မရှိဆိုတဲ့ ငြင်းခုံသံတွေလည်း ဆရာတော်တို့ကြားနေရတယ်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသ၊ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း မူဆယ်ဒေသမှာ အကြမ်းဖက်သူပုန်တွေက လုံခြုံရေးတာဝန်ခံတွေအပါအ၀င် ပြည်သူတွေကို သေကြေပျက်စီးဆုံးရှုံးအောင် ပြုလုပ်နေတယ်။ ဒီလိုအချိန်မှာ တိုင်းသူပြည်သားများရဲ့ အသက်အိုးအိမ် စည်းစိမ်ပျက်စီးဆုံးရှုံးမှုမရှိအောင် တာဝန်ရှိသူတွေအနေနဲ့ လုံခြုံရေးတာဝန် ယူနေတာကို ထောက်ခံတယ်ဆိုရင် ဒါဟာ ၀ိနည်းပြစ်မရှိနိုင်ပါဘူး။ တစ်ပါးသူကို သေစေလိုတဲ့စိတ်နဲ့ သတ်ခိုင်းတာမျိုးဆိုရင်တော့ အပြစ်ရှိနိုင်တာပေါ့´လို့ ရှင်းလင်းမိန့်ကြားသွားခဲ့သည်။
"မဘသ(ဗဟို)Online Media"
