ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မြန်မာတိုင်းသား လူမျိုးစုစာရင်းတွင် ရိုဟင်ဂျာလူမျိုး မပါဝင်ကြောင်း သမိုင်းအထောက်ထားများဖြင့် နိုင်ငံတော်အဆင့်စာအုပ်ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
“သမိုင်းစာအုပ်ရေးတဲ့အခါမှာ နှစ်ဖက်ဘက်လိုက်မှုမရှိဘဲ နှစ်ဖက်စလုံးက တင်ပြလာတဲ့ အချက်အလက်တွေကို ယူသင့်၊မယူသင့်ကို သမိုင်းပညာရှင်က ဆုံးဖြတ်ရတာပါ။ သမိုင်းမှာ အမှန်ကန်ဆုံး ပြည်သူတွေသိအောင် ဆောင်ရွက်ရမှာက သမိုင်းဆရာတွေရဲ့ ၀တ္တရားပဲ”ဟု မြန်မာသမိုင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး သမိုင်းပညာရှင် ဒေါက်တာကျော်ဝင်းကဆိုသည်။
ရှေးမြန်မာသမိုင်း ရာဇ၀င်များတွင်လည်းကောင်း၊ ကိုလိုနီခေတ်တွင်လည်းကောင်း၊ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင်လည်းကောင်း ရိုဟင်ဂျာဆိုသည့်စကားလုံးနှင့် အသုံးအနှုန်းများ ရေးသားဖော်ပြမှုမရှိသောကြောင့် ပကတိသမိုင်းအခြေအနေမှန်များကို အများပြည်သူသိရှိစေရန် သမိုင်းအထောက်အထားများဖြင့် ဖော်ပြကာ စာအုပ်ပြုလုပ်၍ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“သမိုင်းစာအုပ်ရေးဖို့ စလုပ်နေတုန်းပါပဲ။ အရင်တုန်းက အထောက်အထားတွေနဲ့ အခုရလာတဲ့ အထောက်အထားတွေကို လေ့လာဆဲပဲ။ဒီဟာနဲ့ပတ်သက်ပြီး ဘယ်လောက်အချိန်ကာလ ကြာမယ်ဆိုတာက မဆုံးဖြတ်ရသေးဘူး”ဟု သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်မှ တာဝန်ရှိသူကဆိုသည်။
မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီခေတ်၌ မောင်တောနှင့် ဘူးသီးတောင်း မဲဆန္ဒနယ်များ၏ တိုင်းပြု ပြည်ပြုလွှတ်တော်အမတ် ဘင်္ဂလီလူမျိုး အဗ္ဗဒူဂဖားသည် သင်္ဘောပျက်ပုံပြင်ကို လုပ်ကြံဖန်တီး၍ ရိုဟင်ဂျာစကားလုံးနှင့် အသုံးအနှုန်းကို ထည့်သွင်းဖော်ပြသည့် အစီရင်ခံစာကို ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ပြည်ထဲရေးဝန်ကြီးဌာနနှင့် အတွင်းဝန်ထံပေးပို့ခဲ့ရာမှ ရုဟင်ဂျာစကားလုံးနှင့် အသုံးအနှုန်း စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
“သမိုင်းဆိုတာ နိုင်ငံရေးရည်မှန်းချက်တော့ မပါရဘူးပေါ့။ အစစ်အမှန်ကို တကယ်ဖော်ထုတ်ရေးသားရင် အတုအယောင်ဆိုတာ အလိုလိုပျောက်သွားမှာပဲ။ ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့သမိုင်း အစစ်အမှန်ကို ပြန်လည်ဖော်ထုတ်မယ်ဆိုတော့ ထောက်ခံကြိုဆိုပါတယ်”ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။
အဆိုပါ သမိုင်းအထောက်အထားစာအုပ်ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပြုစုထားသည့် သမိုင်းသုတေသနအထောက်အထားများမှတစ်ဆင့် အမှန်ကန်ဆုံးဖြစ်စေရန် ရေးသားမည်ဖြစ်ကြောင်း မြန်မာသမိုင်းအဖွဲ့ထံမှ သိရသည်။
I-14
The Voice
14.12.2016
The Voice
14.12.2016
