ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ ၂ဝ၁၆ ဒီဇင်ဘာ ၁၅ (မြန်မာပြည် ဒီဇင်ဘာ ၁၆ မနက်) ၁။ ရိုဟင်ဂျာအဖွဲ့ကို မက်ကာဌာနချုပ်က ကွပ်ကဲ ၊ ၂။ ကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်မယ့်သူ ပိတ်ဆို့မှုဆန့်ကျင်
၁။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက မောင်တောဒေသ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေအကြားမှာ ဆက်စပ်ပတ်သက်မှုတွေ ရှိနေတယ်လို့ International Crisis Group (ICG) နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အဲဒီ Harakah al-Yakin ဟာရကာ အယ်လ် ရာကင်း ဆိုတဲ့ ရိုဟင်ဂျာအဖွဲ့က မောင်တောတိုက်ခိုက်မှုတွေကို သူတို့လုပ်ဆောင်ကြောင်း ကြေညာထားပါတယ်။ အဖွဲ့ရဲ့မြန်မာလို အဓိပ္ပါယ်က ယုံကြည်ချက်အတွက် လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၂ဝ၁၂ ရခိုင်ပြည်နယ် အရေးအခင်းအပြီးမှာ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်က Ata Ullah အတား အူလာပါ။ သူ့ကို ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာမွေးပါတယ်။ ဖခင်က မောင်တောဇာတိ ရိုဟင်ဂျာဖြစ်ပြီး အတား အူလာ ဟာ နောက်ပိုင်းမှာ ဆောင်ဒီ အာရေးဗီးယားကို ပြောင်းရွှေ့အခြေစိုက်ပါတယ်။
အာဖဂန်နဲ့ အာဖဂန်နစ္စတန်က တိုက်ပွဲတွေမှာ အတွေ့အကြုံရှိခဲ့တဲ့ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်ရွာသားတွေကို မောင်တောတိုက်ပွဲအတွက် ၂ နှစ်ကျော် သင်တန်းပေးခဲ့ပါတယ်။ အဲဒီ သင်တန်းတွေမှာ လက်နက်ပစ်ခတ်နည်း၊ ဖေါက်ခွဲရေးပစ္စည်း သုံးစွဲနည်းနဲ့ ပျေက်ကြားစစ်တွေကို သင်ကြားပါတယ်။
မောင်တောတိုက်ခိုက်မှုတွေအပြီး အင်တာနက်က ပေါ်ထွက်ခဲ့တဲ့ ဗီဒီယို ၉ ခုမှာ အတား အူလာကို အထင်အရှား မြင်ခဲ့ကြရပါတယ်။
ဟာရကာ အယ်လ် ရာကင်း အကြမ်းဖက်အဖွဲ့ကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက်ကာမှာရှိတဲ့ ရိုဟင်ဂျာအကြီးအကဲ ၂ဝ ပါဝင်အဖွဲ့က ဦးဆောင်ညွန်ကြားနေပြီး ဒီအဖွဲ့ဟာ နိုင်ငံတကာ အသေခံ အကြမ်းဖက်အုပ်စုတွေနဲ့ အဆက်အသွယ်ရှိပါတယ်။
အခုအချိန်ထိ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်ခြင်း မရှိသေးပဲ သူတို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်က ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုက လွတ်ကင်းပြီး မြန်မာနိုင်ငံသား ရရှိရေးဖြစ်တယ်လို့ ICG ကဆိုပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီပြသနာကို ဖြေရှင်းရာမှာ စစ်ရေးတခုတည်းကို အဓိကမထားပဲ ဒေသခံမွတ်စလင်တွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေကို အလေးအနက် ထည့်သွင်းစဉ်စားဖို့လိုကြောင်း ICG ကပြောပါတယ်။
၂။ လာမယ့် ဇန်နဝါရီ ၂ဝ ရက်နေ့မှာ အမေရိကန်သမတဖြစ်လာတေ့မယ့် Donald Trump ဒေါ်နယ်လ် ထရမ့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ရွေးချယ်ထားတဲ့ Rex Tillerson ရက်ခ် တီလာဆန် ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ဆန့်ကျင်သူဖြစ်တယ်လို့ အေပီ သတင်းက ဒီကနေ့ ရေးသားလိုက်ပါတယ်။
အမေရိကန် နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ နဲ့ ရီပတ်ဘလီကင် ပါတီဝင်တွေဟာ နိုင်ငံခြားရေးဝါဒနဲ့ပတ်သက်ပြီး တခြားအရာတွေမှာ စိတ်သဘောထား မတိုက်ဆိုင်ကြလင့်ကစား ပိတ်ဆို့မှုတွေ ပြဌာန်းရာမှာတော့ တူညီကြကြောင်း၊ ဒါပေမယ့် Exxon Mobil အက်ဆွန်ရေနံကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ် Rex Tillerson ကတော့ ရုရှားသမတ ပူတင်နဲ့ ရင်းနှီးသူဖြစ်ပြီး ယူကရိန်းဒေသကို ၂ဝ၁၄ မှာ ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့စဉ်က ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ခဲ့ကြောင်း နဲ့ ၂ဝ၁၄ ခုနှစ်ကကျင်းပတဲ့ Exxon ကုမ္ပဏီ နှစ်ပတ်လည်ပွဲမှာ ပိတ်ဆို့မှုတွေဟာ ထိရောက်ဖို့ ခက်တဲ့အတွက် သူဆန့်ကျင်ကြောင်း ပြောကြား ခဲ့တယ်လို့ ဒီကနေ့ရတဲ့ သတင်းမှာဖေါ်ပြထားပါတယ်။
သမတအိုဘားမား လက်ထက်မှာ ပိတ်ဆို့မှုတချို့အောင်မြင်တာကို မြင်ရကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့မှုကနေ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့တာကို ပါတီ ၂ ရပ်လုံးက အကြီးအကျယ် သဘောတူခဲ့ကြောင်း၊ ဆီးရီးယားမှာတော့ ပထမပိုင်းအောင်မြင်ပေမယ့် နောက်ပိုင်းမှာ သမတ အာဆတ် အစိုးရကို အီရန်နဲ့ ရုရှားက အကြီးအကျယ် ထောက်ပံ့ခဲ့တာကြောင့် အောင်မြင်ခြင်း မရှိကြောင်း၊ သမတဖြစ်လာမယ့် ဒေါ်နယ် ထရမ့်ကတော့ တချို့ပိတ်ဆို့မှုတွေကို နှစ်သက်ကြောင်း၊ ဒါကြောင့် ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး တီလာဆန် နဲ့ ထရမ့် သဘောထားခြင်း တထပ်တည်းတော့ မဟုတ်ကြောင်း အေပီက ပြောပါတယ်။
