ထိသောအိုးနှင့် ငြိသောကြိုး အပိုင်း (၂)

‘ လူထွက်ရဲမှ သတ္တိခဲ ’
အလုပ်တစ်ခု အခြေအနေတစ်ခုကို စွန့်လွှတ်ပြီး အခြားအလုပ်တစ်ခု အခြေအနေတစ်ခုသို့ စွန့်စားလုပ်ကိုင်ဖို့ရန် ခက်ခဲသလို ဘ၀တစ်ခုကို စွန့်လွှတ်ပြီး အခြားဘ၀တစ်ခုသို့ ကူးပြောင်းရန်မှာလည်း ခက်ခဲလှပါသည်။ သူလိုကိုယ်လို သာမန်သတ္တိမျိုးဖြင့် မဖြစ်နိုင်ပါ။ ထို့ကြောင့် လူ့ဘ၀ကိုစွန့်လွှတ်ပြီး ရဟန်းဘ၀သို့ ကူးပြောင်းရန်ခက်ခဲခြင်း၊ ရဟန်းဘ၀ကိုစွန်လွှတ်ပြီး လူ့ဘ၀သို့ကူးပြောင်းရန် ခက်ခဲခြင်းဖြစ်ပါသည်။ ကြီးမားစွာ စွန့်လွှတ်ပြီး ကြီးမားစွာ ပေးဆပ်ကြရပါသည်။ သာမန် ဦးပဉ္ဇင်းတစ်ပါးထက် ပေါက်မြောက်သော စာချဆရာများ၊ တရားဟော တရားပြ ဆရာများက ငဲ့ရသည့်ဝန် ပိုကြီးပါသည်။ ဂုဏ်သိက္ခာကိုငဲ့ရသည်၊ အရှိန်အ၀ါကိုငဲ့ရသည်၊ ပတ်ဝန်းကျင်ကိုငဲ့ရသည်၊ မိဘဆရာများ ကျောင်းဒကာ ဒကာမများ၊ ရဟန်းဒကာ ဒကာမများ၊ တပည့်တပန်းများကိုငဲ့ရသည်၊ အနာဂါတ်ကိုငဲ့ရသည်။
ဤသို့ အရာရာကိုငဲ့နေရခြင်း၊ တွေးပူရခြင်းတို့ကြောင့် တော်တန်ရုံသတ္တိမျိုးဖြင့် လူဝတ်မလဲရဲကြပါ။ အမြင့်ကိုရောက်ပြီးကြသူများက အနိမ့်ကို ပြန်မဆင်းချင်ကြသည်မှာ သဘာဝဖြစ်ပါသည်။ ထိုသို့ ဖြစ်ပါလျှက် လူဝတ်လဲခဲ့ကြသူများမှာ ဘယ်လိုမျှမပျော်ပိုက်၊ ဘယ်မျှမတတ်သာ၍ မျက်စိစုံမှိတ်ကာ လူဝတ်လဲခဲ့ကြခြင်းဖြစ်ပါသည်။ ထိုသူများကို ကဲ့ရဲ့ရှုတ်ချမနေဘဲ သူတို့ကျင့်ခဲ့သည့် သိက္ခာ၊ သူတို့စောင့်ထိန်းခဲ့သည့် ၀ိနည်း၊ သူတို့စောင့်ရှောက်ခဲ့သည့် သာသနာတော်ကို ငဲ့ကွက်၍ လက်ကမ်းကြိုဆိုသင့်ပါသည်။ တစ်နည်းအားဖြင့် ရဟန်းဝတ်ဖြင့်နေစဉ်တုန်းက ကျင့်ကြံခဲ့သည့် အကျင့်တရားများ၊ သာသနာတော်ကိုစောင့်ရှောက်ခဲ့သည့် ဂုဏ်ကျေးဇူးများကို ထောက်ထားပြီး လူပျံတော်များအား စီးပွားကြီးပွားရေးဘက်သို့ လက်တွဲခေါ်ယူသင့်လှပါသည်။ ကူညီပံ့ပိုးပေးသင့်လှပါသည်။
‘ လမ်းမှန်ပေါ် ရောက်သွားသူ ’
ကျွန်ုပ် စေတိယင်္ဂဏ စာမေးပွဲသွားရောက်ဖြေဆိုစဉ် အသင်းဒကာကြီးများက “အရှင်ဘုရားတို့သာ စာတွေကြိုးစားပြီး စာမေးပွဲတွေ လှည့်ဖြေနေတာ -------- ကျောင်းတိုက်က စာချဘုန်းကြီးတစ်ပါး မာတုဂါမနှင့် ထွက်ပြေးပြီ” ဟု ပြောပါသည်။ ထိုအခါ ကျွန်ုပ်က “ဒါ လမ်းမှန်ရောက်သွားတာပဲ၊ အားပေးရမယ်” ပြန်ပြောလိုက်ပါသည်။ ထိုဒကာကြီး မျက်နှာတည်သွားပြီး သဘောမကျဟန် လုပ်ပြပါသည်။ ထိုအခါ ကျွန်ုပ်က သာသနာ့ဘောင်မှာ မပျော်လို့ လူထွက်လာသူများကို လက်ကမ်းကြိုဆိုမှ သာသနာတော် သန့်ရှင်းမှာဖြစ်ကြောင်း၊ မပျော်ပိုက်လို့ လူထွက်တာကို ၀ိုင်းဝန်းကဲ့ရဲ့နေကြလျှင် လူလည်းမထွက်၊ ရဟန်းသိက္ခာပျက်စီးနေသည့် သာသနာ့အညစ်အကြေးများ တိုးပွားလာမှာဖြစ်ကြောင်း ပြောပြမှ အဆိုပါ ဒကာကြီးက လက်ခံသွားပါသည်။

ရဟန်းသိက္ခာကို တတ်နိုင်သလောက်စောင့်ထိန်းပြီး မတတ်နိုင်တော့လို့ လူထွက်သူ၊ ရဟန်းသိက္ခာ လုံးဝပျက်စီးနေပါလျက် လူမထွက်ဘဲ အတင့်ရဲစွာ နေထိုင်သူ၊ ထိုပုဂ္ဂိုလ်နှစ်မျိုးတို့တွင် မည်သည့်ပုဂ္ဂိုလ်မျိုးကို ဘုရားရှင်သာဓုခေါ်မည်နည်း။ ကောင်းချီးပေးမည်နည်း။ မည်သည့်ပုဂ္ဂိုလ်မျိုးကို သာသနာတော်၌ အလိုရှိအပ်မည်နည်း။ မည်သည့်ပုဂ္ဂိုလ်မျိုးကို ကဲ့ရဲ့ရှုတ်ချထိုက်သနည်း။ အလေးအနက်ထား၍ စဉ်းစား ဆုံးဖြတ်စေချင်ပါ၏။
‘အောင်းကောင်တွေ မရှိစေနှင့်’
ကျွန်ုပ်တို့ သာသနာတော်၌ မာတုဂါမနှင့်လင်ခန်း မယားခန်း အတူနေသော ရဟန်းကို သီလပျက်စီးသူ ပါရာဇိကကျသူ၊ သာသနာတော်မှ ဆုံးရှုံးသူဟု ခေါ်ပါသည်။ ထိုသူ၏အနာဂတ်သာယာ လှပစေလို၊ နတ်ရွာနိဗ္ဗာန်ရောက်စေလိုလျှင် လူဝတ်လဲရပါသည်။ ရှင်သာမဏေပြုရပါသည်။ ဤသည်မှာ မြတ်စွာဘုရား ခွင့်ပြုခဲ့သည့် နည်းလမ်းမှန်ဖြစ်ပါသည်။ သို့သော် ယ္ခုအခါ၌ ပါရာဇိကအပြစ်ကို ကျူးလွန်မိကြပါလျက် သာမဏေမပြု၊ လူဝတ်မလဲဘဲ၊ ရဟန်းဟုဝန်ခံကာ ရဟန်းကောင်းတို့နှင့်အတူ ကံကြီးကံငယ်ဆောင်ခြင်း၊ ရဟန်းကောင်းတို့၏ရှိခိုးမှုကို ခံယူခြင်း၊ ဒကာ ဒကာမများ၏ ပူဇော်လှူဒါန်းမှုကို ခံယူခြင်းဖြင့် ဆက်လက် နေထိုင်ကြသည်ကို တွေ့မြင်ရပါသည်။

ဤသို့မိမိကိုယ်တိုင် မစင်ကြယ်မှန်းသိပါလျက် စင်ကြယ်သူတို့၏ အခွင့်အရေးများကို ရယူနေခြင်းသည်။ ငရဲလိုင်စင်ယူနေခြင်းသာ ဖြစ်ပါသည်။ မိမိကိုယ်တိုင် နေ့စဉ် ငရဲရနေသလို ပတ်ဝန်းကျင်ကိုလည်း ငရဲပေးနေသူဖြစ်ပါသည်။ အတူနေတပည့်များကိုလည်း အတုမြင် အတတ်သင်ပေးရာရောက်ပြီး အစဉ်အဆက်ကျူးလွန်သူများ အစဉ်အဆက် “အောင်း”နေသူများ တိုးပွားလာတတ်ပါသည်။ ကျူးလွန်ပြီး “အောင်း ” နေသောအားဖြင့် ကာယကံရှင်ရော သာသနာအတွက်ပါ အကျိုးမရှိပါ။ ကျူးလွန်ပြီးလျက် လူမထွက်ကြခြင်းမှာ မိဘဆရာများက ဆူပူတရားချမှာ၊ ဒကာ ဒကာမများက တားမြစ်မှာကို ကြောက်ရွံ့ခြင်း၊ လုပ်ကိုင်စားသောက်ရမှာကို ကြောက်ရွံ့ခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။ အချုပ်အားဖြင့် လောကကိုရင်မဆိုင်ရဲခြင်း၊ အိမ်ထောင့်တာဝန်မယူရဲခြင်းတို့ကြောင့်ဟု ဆိုနိုင်ပါသည်။ သတ္တိညံ့သူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပါရာဇိကချိုး(ဂျိုး)များ တိုးပွားလာလျှင် သံဃာအားလုံးကို ရေသာခို အချောင်သမား လူတန်းစားအဖြစ် အမြင်စောင်းလာနိုင်ပါသည်။သာသနာတော်လည်း မှေးမှိန်သွားနိုင်ပါသည်။
ထိုသို့ ရဟန်းသိက္ခာ ပျက်စီးနေပါလျက် ဆက်လက်နေထိုင်ခြင်းဖြင့် ဘ၀ရောသာသနာပါ ဆုံးရှုံးနစ်နာပါသည်။ ဘုရားရှင်ကဲ့ရဲ့ထိုက်သော ဘ၀နေမှု၊သန့်ရှင်းပစ်ထိုက်သော ဘ၀နေမှုဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က မဟာစောရ- (ရဟန်းမဟုတ်ပါဘဲလျှက် ရဟန်းအခွင့်အရေးကို အယောင်ဆောင်ခိုးယူသူ) ခိုသူကြီး ဟု သတ်မှတ်ခဲ့ပါသည်။ထိုပုဂ္ဂိုလ်မျိုးကို ဘုရားသာသနာတော်၌ အလိုမရှိပါ။
‘ သာသနာ သန့်ရှင်းရေး ကုသိုလ်တော် ’
တစ်ခါတုန်းက မြတ်စွာဘုရားသည် နောက်ပါရဟန်းများနှင့်အတူ ဒေသစာရီကြွတော်မူရင်း လမ်းခရီး တစ်ခု၌ မီးပုံကြီးတစ်ခုကို တွေ့ပါသည်။ ထိုအခါ မြတ်စွာဘုရားက ရဟန်းများကို “ရဟန်းတို့-- ဟောဒီ မီးပုံကြီးနှင့် အမျိုးသမီးခန္ဓာကိုယ် ဘယ်အရာကို ပွေ့ဖက်ထိုက်သနည်း”ဟု မေးတော်မူပါသည်။ ရဟန်များက အမျိုးသမီးကိုသာ ပွေ့ဖက်ထိုက်ကြောင်း ဖြေကြပါသည်။ထိုအခါဘုရားက မီးပုံကြီးကို ပွေ့ဖက်ခြင်းဖြင့် တစ်ဘ၀သာ အပူလောင်မည်။ တစ်ဘ၀သာ အသက်သေမည်။ အပါယ်ငရဲမကျရောက်နိုင်။ ရဟန်းဘ၀ဖြင့် အမျိုးသမီးကို ပွေ့ဖက်ခြင်းဖြင့် သံသရာတစ်လျှောက်လုံး အပူလောင်မည်။ အပါယ်ငရဲကျမည်ဟု မိန့်တော်မူပါသည်။ 
ထိုအခါ နောက်ပါ ရဟန်းများအနက် မစင်ကြယ်သူများ သွေးအံသေကုန်ကြပါသည်။ မသေသူများမှာ လူဝတ်လဲကုန်ကြပါသည်။ (အင်္ဂုတ္တိုရ်၊အဂ္ဂိက္ခန္ဓောပမသုတ်)ဤသာဓကကိုထောက်ရှု၍ ရဟန်းသီလ လုံးဝ ပျက်စီးသူများကို ဘုရားရှင်ကဲ့ရဲ့တော်မူခဲ့ပုံ၊ ဘုရားရှင်၏သာသနာတော် သန့်ရှင်းစေခဲ့ပုံ ထင်ရှားပါသည်။

သာသနာသန့်ရှင်းဖို့ရာမှာ ရဟန်းတော်များမှာသာ တာဝန်ရှိသည် မဟုတ်ပါ။ လူပုဂ္ဂိုလ်များမှာလည်း တာဝန်ရှိပါသည်။ လူပုဂ္ဂိုလ်များကလည်း သာသနာသန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါသည်။ ရတနာပုံခေတ်ကဖြစ်ပါသည်။ မင်းတုန်းမင်းကြီးက လူထွက်လိုသော ရဟန်းများကို အင်္ကျီအ၀တ်အစားနှင့် ပိုက်ဆံများချီးမြှင့်ပါသည်။ ထိုအခါ တစ်နေ့ထက်တစ်နေ့ လူထွက်လိုသော ရဟန်းပျိုများ တိုးသည်ထက် တိုးလာပါသည်။ ဤသည်ကို စိုးရိမ်ကြီးနေသော မိဖုရားခေါင်ကြီးက “မင်းကြီး ကိုယ်တော်တွေကို ဘာလို့ ဖျက်ဆီးနေတာလဲ ရွှေဝါရောင်သင်္ကန်းနှင့် ရွှေရောင်လွှမ်းနေမှ သာသနာဟာ ကျက်သရေရှိတာ မဟုတ်လား”ဟုမေးလျှောက်ပါသည်။ မင်းတုန်းမင်ကြီးက “ဆန်ဖျားသာ ရွေ့တာပါကွာ၊ ဆန်ရင်းမရွေ့ပါဘူး”ဟု မိန့်ကြားပါသည်။ဆန်ကောဖြင့် ဆန်ပြာသည့်အခါ ဆန်၏အဖျားပိုင်းကသာ လွင့်စင်ရွေ့လျှားသွားကြသည်ကို ရည်ရွယ်ရင်း ဖြစ်ပါသည်။ လူထွက်ဖို့ရောက်လာသော ရဟန်းအများစုမှာလည်း ရဟန်းကောင်းများ မဟုတ်ကြဘဲ။ သာသနာ့အညစ်အကြေးများ၊ အပေါ်ယံအရေခြုံများသာ ဖြစ်နေကြောင်းသိရပါသည်။
၂၀၁၆ ဒီဇင်ဘာလထုတ် မဟာဝီရ မဂ္ဂဇင်း
(ဆက်လက်ဖော်ပြပါမည်)
Share: