ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် တရားပွဲ

နတ်တော်လ္ဆုတ်(၆) ရက်၊ 20.12.2016 ည ၈း၀၀ နာရီ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် သုမင်္ဂလာအိမ်ရာ ဣစ္ဆာသယဓမ္မာရုံ သံဃဒါနဆွမ်းလောင်းအသင်း (၁၈)ကြိမ်မြောက် ဆွမ်းအလှူအောင်ပွဲ ဓမ္မသဘင်။
အရင်တစ်ခါဟောကြားခဲ့တဲ့ ဇ/မြောက် ရပ်ကွက်နှင့် မိန်းလမ်းမကြီးသာ ခြားပါတယ်။
တရားမဟောမီ ဓမ္မစကူးလ်၊ ယဉ်းကျေးလိမ္မာကျောင်းသူ ကျောင်းသားလေးများက ဓမ္မတေးများ ရွတ်ဆို ပူဇော်ကြပါတယ်။

ရန်ကုန်သူ ရန်ကုန်သားတွေအတွက် ကောကာလိကသုတ္တန် ဟောကြားခဲ့ပါတယ်။ တရားအမည်က ပဒုမငရဲသား တရားတော်ပါ။ ကောကာလိက သူဌေးသား ရဟန်းဟာ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန် အဂ္ဂသာက နှစ်ပါးကို ပြစ်မှားရုံတင်မကဘဲ စွပ်စွဲ စော်ကားတဲ့အတွက်ကြောင့် နေ့ချင်းညချင်းပဲ အနာကြီးရောဂါတွေ တစ်ကိုယ်လုံးပေါက်ကာ ပဒုမငရဲသို့ ရောက်ရှိသွားပါတယ်။ ပဒုမငရဲသက်တမ်းကို နှစ်ပရိစ္ဆေဒနဲ့ ရေတွက်လို့မရပါဘူး။ 

ဥပမာနဲ့ပဲ ခိုင်းနှိုင်းလို့ရပါတယ်။ တင်းပေါင်းရှစ်ဆယ်ရှိတဲ့ နှမ်းတွေကို လှည်းပေါ်တင်ထားပြီး အနှစ်တစ်ရာကြာလျှင် တစ်စေ့နှုန်းဖြင့် ထုတ်ယူလို့ နှမ်းတွေသာကုန်သွားမယ် အဗ္ဗုဒငရဲသက်တမ်းက မကုန်သေးပါဘူး။ အဗ္ဗုဒငရဲထက် အဆနှစ်ဆယ် သက်တမ်းကြီးတာက နိရဗ္ဗုဒငရဲပါ။ ဒီလိုနဲ့ အဗဗ၊ အဋဋ၊ အဟဟ၊ ကုမုဒ၊ သောဂန္ဓိက၊ ဥပ္ပလက၊ ပုဏ္ဍရိက၊ ပဒုမ အစဉ်အတိုင်း အဆနှစ်ဆယ်စီ ကြီးမားကြပါတယ်။ ဒါကြောင့် သူတော်ကောင်းကို မပြစ်မှားကြဖို့ ၀စီဘေဒ နှုတ်ဓားမက ထိတိုင်းရှတတ်ကြောင်း ဟောကြားခဲ့ပါတယ်။

ကောကာလိက ရဟန်းတော်၊
သူတော်ကောင်းကို ပြစ်မှားသနော်။
နှုတ်ဓားမကြောင့် အသက်ပျောက်၊
ပဒုမငရဲရောက်။
သူတော်ကောင်းကို ပြစ်မှားလျှင်၊
ပဒုမသို့ သွားရအစဉ်၊
နှုတ်ဝါစားကို စောင့်ထိန်းမှ၊
ခုနောင် ကောင်းစားရ။


Share: