ဒါမျိုးဆို အားပေးတယ်ဟေ့

စန္ဒီမြင့်အောင်လို ကလေးမလေးတစ်ယောက်ကို ပါတီဥက္ကဋ္ဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ရဲစခန်းဖိအားသွားပေးပြီး ဖမ်းခိုင်းတာမျိုးက ကျင့်ဝတ်နဲ့လည်း မညီဘူး။ ပြည်သူ့အတွက်လည်း အကျိုးမရှိဘူး။
ဒါမျိုးကျတော့ ပြည်သူလည်းအကျိုးရှိတယ်။ ရွေးချယ်ရကျိုးလည်းနပ်တယ်။ သဒ္ဓါတယ်ပေါ့ဗျာ။
ဒါပေမဲ့ ဒီအလုပ်မျိုးကိုပဲ လုပ်ရမယ်လို့တော့ မဆိုလိုဘူးနော -----။
ဝီရသူ-မစိုးရိမ်
18.12.2016
7:06 PM
------------------------------------------------------------
“လုယက်သူများအား လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြ”
=========================================
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အမျိုးသမီးတစ်ဦးထံက ပိုက်ဆံအိတ်လုယူသွားသူများအား လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ဒီဇင်ဘာ ၁၀ ရက်က ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။
စက်ဘီးဖြင့် အလုပ်မှပြန်လာသည့် ပိုက်ဆံအိတ်လွယ်ထားသော အမျိုးသမီးငယ်တစ်ဦးကို ဆိုင်ကယ်စီးလာသော လူသုံးဦးက ဒီဇင်ဘာ ၁၀ ရက်တွင် လုယူကာထွက်ပြေးခဲ့သောကြောင့် ယင်းတို့ငါးဦးက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ပိုက်ဆံအိတ်လုသွားတာ မြင်တာ့ ကားမှန်ချပြီး ကလေးမလေးကို မေးကြည့်တယ်၊ ကာယကံရှင်က ပြောတဲ့အတွက် ချက်ချင်းပဲပြေးတဲ့သူတွေရဲ့ ဆိုင်ကယ်နောက်က ထပ်ချက်မကွာ ဟွန်းသံအရှည်ဆွဲပြီးလိုက်ခဲ့တယ်။ အန္တရာယ်တော့ တော်တော်များတယ်၊ ဒီအနေအထားအရ တရားဥပဒေစိုးမိုးဖို့လွယ်ပြီ၊ အစိုးရ အရပ်ဘက်အဖွဲ့တွေ သက်ဆိုင်သူတွေ၊ ပြည်သူတွေပူးပေါင်းပါဝင်ရင် အဆင်ပြေမယ်ထင်ပါတယ်”ဟု ဦးဘိုဘိုမင်းဇော်ကပြောသည်။
လုယက်ခဲ့သည့်ဆိုင်ကယ်သည် ပုသိမ်မြို့အတွင်းလမ်းပြောင်းပြန်မောင်း၍ ဂေါက်ကွင်းရှေ့ ပုသိမ်အ၀ိုင်း တက္ကသိုလ်ရှေ့ လမ်းကြားမှတစ်ဆင့် လမ်းဘက်သို့မောင်းပြေးရင်း နောက်ဆုံးတွင် စည်ပင်အရာရှိဝင်းထဲသို့ ၀င်ပြေးခဲ့ကြောင်း၊ နောက်မှလိုက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက စည်ပင်ဝင်းတံခါးပိတ်၍ လုယက်သူသုံးဦးကို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များမှာ ဖျာပုံမဲဆန္ဒနယ်မှ ဦးဘိုဘိုမင်းဇော်နှင့် ဦးဇေယျမင်းသိန်း၊ ပန်းတနော် မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးခင်မောင်ဇော်၊ မော်ကျွန်းမဲဆန္ဒနယ်မှ ဦးဝေယံထွန်းတို့ဖြစ်ကြကြောင်း၊ ယခုအခါ ပုသိမ်မြို့မှ ရဲစခန်းမှ လုယက်သူများအား ဖမ်းဆီးအရေးယူမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ညိမ်းပြည့်စုံ
ပြည်မြန်မာ (15.12.2016)
Share: