မစိုးရိမ်တိုက်သစ် ဆွမ်းလောင်းလှူပွဲ

နတ်တော်လပြည့်ကျော်(၄)ရက်၊ 18.12.2016 မနက် ၇း၃၀ နာရီ မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။
မဟာနာယကဆရာတော်ကြီး ဘဒ္ဒပဒုမာဘိဝံသ (အဂ္ဂါဘိဓဇ) အမှူးပြုသော မစိုးရိမ်တိုက်ကြီးနှစ်တိုက်မှ မဟာနာယကဆရာတော်များနှင့် နာယကဆရာတော်များ ကြွရောက်ချီးမြှေက်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့သူအဖွဲ့သားများ၊ ဆွမ်းသင်္ကန်းဆေးအလှူရှင်များ၊ ကျောင်းဒါယကာ ဒါယိကာမများ တက်ရောက်ကြပါတယ်။ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသနှင့် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသတို့က ရေစက်ချ အနုမောဒနာတရား ဟောကြားကြပါတယ်။ အခမ်းအနားသို့ တက်ရောက်ကြကုန်သော သံဃာတော်(၁၀၀၀)ကျော်က အလှူရှင်များနှင့် ပရိသတ်များအာ မေတ္တသုတ်ပရိတ်တရားတော် သံပြိုင်ညီညာ ရွတ်ပွားကြပါတယ်။

၎င်းနောက် အလှူရှင်များက ဒူးထောက် ၀ပ်တွားလျက် သံဃာတော်များအား ဆွမ်းလောင်းလှူကြပါတယ်။ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ကလည်း ဆွမ်းလောင်းလှူသည့် ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။ 

မနက် ၁၁း၀၀ နာရီမှာ မဟာနာယက၊ နာယက၊ စာချဆရာတော်များအား နေ့ဆွမ်းကပ်လှူကြပါတယ်။ အလှူရှင်များကတော့ ထေရ၀ါဒဗုဒ္ဓဘာသာ တရုတ်ရဟန်းတော် စူမိထော့နှင့် ဒါယကာ ဒါယိကာမများဖြစ်ပါတယ်။ သားသတ်လွတ်ဆွမ်း ဆွမ်းဟင်းများဖြင့် ဆက်ကပ်ပြီး ပဒေသာပင်အဖြစ် သိန်း(၅၀)ကျပ် စိုက်ထူလှူဒါန်းသွားပါတယ်။ အလှူရှင်များ မန္တလေးတောင်ပေါ်မှာ ဘုရားဖူးစဉ်တွေ့ရှိခဲ့သော တိဘက်ဗုဒ္ဓဘာသာ အမျိုးသမီးကြီးတစ်ဦးက အမေရိကန်ဒေါ်လာ ၁၀၀၀(တစ်ထောင်ကျပ်) လှူဒါန်းသွားပါတယ်။
သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ဆေး၊ ရေသန့်နှင့် န၀ကမ္မ ၁၀၀၀၀ိ (တစ်သောင်းကျပ်)စီ လှူဒါန်းပါတယ်။ မစိုးရမ်တိုက်သစ် သံဃာတော် (၂၅၀၀)အပြင် မစိုးရိမ်တိုက်ကြီးနှင့် အခြားတိုက်များမှ သံဃာတော်များစုစုပေါင်း အပါး (၃၀၀၀)ကျော် လှူဒါန်းတဲ့ပွဲကြီးဖြစ်ပါတယ်။
သံဃာများပြားတုန်း ပူဇော်ထားကြပါဗျာ--။
နောင် ဆယ်နှစ်ဆိုရင် အခုလို တစ်နေရာတည်းမှာ များများစားစား ဖူးမြော်ခွင့်ရမှာ မဟုတ်တော့လို့ပါ။



Share: