မောင်တောတိုက်ခိုက်မှု ဆော်ဒီအခြေစိုက်အဖွဲ့က ထိန်းချုပ်ထားကြောင်း ICG ထုတ်ပြန်

ရန်ကုန် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် မောင်တောနှင့် အနီးတစ်ဝိုက်ဒေသတွင် လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှု ကျူးလွန်ခဲ့သူများကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာအခြေစိုက် အဖွဲ့အစည်းတစ်ခုက နောက်ကွယ်မှ ကွပ်ကဲခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတကာအရေးအခင်းများ လေ့လာမှုအဖွဲ့ International Crisis Group ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။အဆိုပါ အကြမ်းဖက်အင်အားစုများ၏ ခေါင်းဆောင်လှုပ်ရှားသူများသည် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကာ Harakah al-Yaqin (ယုံကြည်မှုဖြင့်လှုပ်ရှားခြင်း)ဟု အမည်ပေးထားသည်။
၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ အရေးအခင်းများအလွန်တွင် အဆိုပါအဖွဲ့ကို ထူထောင်ခဲ့ခြင်းဖြစ်ပြီး အချိန်ယူ၍ သေချာပြင်ဆင် အချိန်ကိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ICG က ၄င်းတို့ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။
ပြည်ပတွင် တိုက်ခိုက်ရေး လေ့ကျင့်ရေးသင်တန်းများစွာပြီးထားသော ၄င်းတို့မျိုးနွယ်များက ဦးဆောင်ကာ ပြည်တွင်းတွင်လည်း လေ့ကျင့်သင်ကြားပေးမှုများ အချိန်ယူပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း တိုက်ခိုက်ရေးသမားများအပါအ၀င် အတော်များများကို အင်တာဗျူးပြုလုပ်မှုရလာဒ်ကို အခြေခံကာ ICG ကဖော်ပြထားသည်။
မြန်မာ့တပ်မတော်၏ အင်အားသုံးကာ နယ်မြေရှင်းလင်းနေမှုများသည် အယ်လ်ယာကင် (Al-Yaqin) အဖွဲ့ကို အမြစ်ပြတ်ရှင်းလင်းနိုင်ရန် မဖြစ်နိုင်ဘဲ၊ ဒေသခံများ သေမထူးနေမထူး စိတ်ပေါက်လာပြီး အဆိုပါအကြမ်းဖက် အင်အားစု ပိုမိုအားကောင်းလာစေမည့် အလားအလာဖြစ်နိုင်ကြောင်း ယင်းအစီရင်ခံစာက သတိပေးထားသည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းကို အခွင့်အရေးများပိတ်ပင်ထားခြင်း၊ နိုင်ငံသားပြုခွင့် မရခြင်းစသည့် ရေရှည်ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာကို Al-Yaqin အယ်လ်ယာကင် အကြမ်းဖက်အဖွဲ့အရေးက ထောက်ပြထားသည်။

The Voice 16.12.2016
Share: