အာဖရိကနှင့် ပြင်သစ်တို့သည် တူညီသောခြိမ်းခြောက်မှုအား တိုက်ခိုက်နေရဟု ပြင်သစ်သမ္မတအော်လွန်း ပြောကြား

အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် ဂျီဟတ်များအား တိုက်ခိုက်နေရသူများသည် အစွန်းရောက်မှုများအား ဆန့်ကျင်တိုက်ခိုက်နေရသော ပြင်သစ်နှင့် တူညီနေကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ဇန်န၀ါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အစွန်းရောက်မှုများအား တိုက်ခိုက်နေရမှု၊ အစိုးရအုပ်ချုပ်မှုစနစ် ကောင်းမွန်စေရန် ရုန်းကန်နေရမှုနှင့် ရွှေ့ပြောင်းအခြေချ အကျပ်အတည်းတို့နှင့် ပတ်သက်၍ မာလီတွင် အာဖရိကနှင့် ပြင်သစ်ခေါင်းဆောင်များ၏ ထိပ်သီးမကျင်းပမီ အော်လွန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မာလီသည် ပြီးခဲ့သောလေးနှစ်ခန့်က နိုင်ငံမြောက်ပိုင်းရှိ အဓိကမြို့များတွင် ထကြွနေသည့် ဂျီဟတ်တိုက်ခိုက်ရေးသမားများအား တိုက်ထုတ်နိုင်ရန် ပြင်သစ်အား အကူအညီတောင်းခဲ့ရပြီး ယခုအခါ မာလီနှင့် ဆာဟယ်ဒေသတစ်လျှောက်တွင် ပြင်သစ်တပ်ဖွဲ့ဝင် ၄၀၀၀ တပ်ဖြန့်ထားပြီးဖြစ်သည်။ မာလီမြောက်ပိုင်းတွင် ပြင်သစ်စစ်စခန်းချထားသော ဂါအိုမြို့၌ ပြင်သစ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် အော်လွန်းက “အဲဒါက တူညီတဲ့ တိုက်ခိုက်မှု။ တူညီတဲ့ ခြိမ်းခြောက်မှုပါ” ဟု ပြောကြားခဲ့သည်။ ပြင်သစ်မြေပေါ်တွင် တိုက်ခိုက်ခဲ့ကြသော အကြမ်းဖက်သမားများသည် အီရတ်နှင့် ဆီးရီးယားရှိ ဂျီဟတ်တိုက်ခိုက်ရေးသမားများ၏ မဟာမိတ်များ ဖြစ်သလို ဆာဟယ်ဒေသရှိ အကြမ်းဖက် တိုက်ခိုက်ရေးသမားများနှင့် အတူတူပင်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။
ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပမည့် အာဖရိက-ပြင်သစ်ထိပ်သီးသို့ နိုင်ငံ့ခေါင်းဆောင်များ မတက်ရောက်မီ ဇန်န၀ါရီ ၁၃ ရက်တွင် မာလီမြို့တော် ဘာမာကို၌ နိုင်ငံပေါင်း ၃၀ ထက်မနည်းမှ ၀န်ကြီးများက ကြိုတင်တွေ့ဆုံခဲ့ကြသည်။ ယင်းဆွေးနွေးပွဲ တက်ရောက်သည့် နိုင်ငံအများစုသည် တစ်ချိန်က ပြင်သစ်ကိုလိုနီများဖြစ်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ပြင်သစ်သည် အာဖရိကတိုက်တွင် စစ်ရေးစွက်ဖက်မှုများကို တိုးမြှင့်ခဲ့သည်။
ဂျီဟတ်ခြိမ်းခြောက်မှုများအား တိုက်ဖျက်မှုတွင် ကူညီရန် ပြင်သစ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း နှစ်စဉ် အာဖရိကစစ်သား ၂၀၀၀၀ ကျော်အား လေ့ကျင့်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မတိုင်မီ တစ်နှစ်လျှင် အာဖရိက တပ်ဖွဲ့ဝင် ၂၅၀၀၀ အထိ တိုးမြှင့်လေ့ကျင့်ပေးရန် မျှော်မှန်းထားကြောင်း ပြင်သစ်သံတမန် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ သို့သော် မာလီကဲ့သို့ အာဖရိကရှိ အဓိကနိုင်ငံများတွင် အခြေအနေများမှာ တည်ငြိမ်မှုမှ ဝေးကွာနေဆဲ ဖြစ်သည်။
ယင်းထိပ်သီးတွင် အာဖရိကနိုင်ငံအချို့၌ မကြာသေးမီကဖြစ်ပွားခဲ့သော နိုင်ငံရေးပဋိပက္ခများ၊ အာဖရိကမှ ဥရောပသို့ ရွှေ့ပြောင်းအခြေချများ အလုံးအရင်းဖြင့် ၀င်ရောက်မှုကိုလည်း ခေါင်းဆောင်များက ဆွေးနွေးမည်ဟု သံတမန်သတင်းရင်းမြစ် တစ်ဦးက ပြောခဲ့သည်။ စီးပွားရေးအတွက် ရွှေ့ပြောင်းအခြေချများ ၀င်ရောက်မှုအား ဟန့်တားရန် ဥရောပနိုင်ငံများက အာဖရိကသို့ အကူအညီများ တိုးမြှင့်ပေးမည်ဟု ကတိပြုထားချိန်တွင် ပြင်သစ်သည် လာမည့်သုံးနှစ်ကျော်အတွင်း အာဖရိကနိုင်ငံများသို့ နှစ်စဉ်ပေးနေသော အကူအညီနှင့် ချေးငွေများအား ယူရိုတစ်ဘီလျံမှ ငါးဘီလျံအထိ တိုးမြှင့်ပေးရန် မျှော်လင့်ထားသည်။
Refး AFP
Sources; Eleven Media Group
Share: