ပြာသိုလဆုတ် (၁)ရက်၊ (13.1.2017)၊ မနက် ၁၀း၀၀ နာရီ၊ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းကန်ရွာ၊ ဦးသိန်းဝင်း+ဒေါ်တင်ရီ အိမ်၌ ကျင်းပသည်။ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ပါဠိတော်များ ရွတ်ဆိုပူဇော်ပြီး ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်အပြီးမှာ စာရေးသူက အနုမောဒနာတရား ဟောကြားပါသည်။
ရေစက်သွန်းချ အမျှဝေအပြီးမှာ နေ့ဆွမ်းဆက်ကပ်ပါသည်။ ဒေသအစားအစာများ ဘုဉ်းပေးရပါသည်။ မင်းကန်ရွာမှာ ထူးခြားမှုလက္ခဏာသုံးခု တွေ့ရပါသည်။ တစ်ခုမှာ မုန့်ဟင်းငါးကို မုန့်တီလက်သုပ်လို အရည်နည်းနည်းနှင့် နယ်ဖတ်ပြီး ဇွန်းမပါဘဲ လက်ဖြင့်စားကြသည့် ဓလေ့ဖြစ်သည်။ အခြားတစ်ခုမှာ ငရုတ်သီးကို ပုံသဏ္ဌာန်မျိုးစုံဖြင့် စားသုံးခြင်းဖြစ်၏။ ငရုတ်သီးထောင်း၊ ငရုတ်သီးကြော်၊ ငရုတ်သီးချက်၊ ငရုတ်သီးကြက်သား၊ ငရုတ်သီးဝက်သားဟင်း စသည်တို့ဖြစ်၏။
မင်းကန်ငရုတ်သီးက စပ်လည်း မစပ်၊ ပူလည်း မပူဘဲ အရသာတစ်မျိုးဖြစ်၍ စားကောင်းသည်ကား အမှန်ပင်။ နောက်ဆုံးတစ်ခုမှာ မုဆိုးမများ နောက်အိမ်ထောင်မပြုတော့ခြင်းဖြစ်၏။ အသက် ၂၅ နှစ်မှစ၍ အရွယ်ကောင်းအမျိုးသမီးများသည် တစ်ပင်လဲသော်လည်း တစ်ပင်မထူကြတော့ပေ။ ဤသည်မှာ တရားသဘောအရ ကောင်းသော်လည်း လူမှုရေးအရ အားနည်းချက်များရှိသောကြောင့် ကောင်းသောလက္ခဏာမဟုတ်ပေ။ ရွာသူရွာသားများအားလုံး ရိုးသားပွင့်လင်း၍ လိမ္မာယဉ်ကျေးကြ၏။ အေးချမ်းသော ရွာလေးပင်တည်း။


