တနင်္သာရီတိုင်းလုံးဆိုင်ရာ သင်တန်းကြီး အောင်မြင်စွာပြီးစီး

24.1.2017 မနက် ၈း၀၀ နာရီ၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာမှာ ကျင်းပပါတယ်။ 
ရေဖြူမြို့နယ်၊ ကန်ပေါက်ရွာ၊ မြို့နယ်သံဃနာယဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း မဘသ နာယက သက်တော်(၈၉)နှစ် သိက္ခာတော်(၆၉)ဝါ အရွယ်ရှိ ရွှေစေတီဆရာတော်ကြီး ကြွရောက်ချီးမြှောက်ပါတယ်။ 
ရွှေစေတီဆရာတော်ဘုရားကြီးအား တနင်္သာရီတိုင်း မဘသ အဖွဲ့မှဆက်ကပ်သော ဂုရုဝန္ဒနာ ဂုဏ်ပြုလွှာကို မြို့မယဉ်ငေးဆရာတော်နှင့် ဦးဝီရသူတို့က ဆက်ကပ်ပါတယ်။ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ကြပါတယ်။ ယဉ်ငေးဆရာတော်က ကျေးဇူးတင်စကား လျှောက်ထားပြီး ပန်းသုံးဝဆရာတော်က စာရင်းရှင်းတမ်းဖတ်ကြားကာ ဆရာတော်ဦးသာဂရက သင်တန်းစီမံမှုများ လိုအပ်ချက်ရှိက နားလည်ပေးနိုင်ရန် တောင်းပန်လျှောက်ထားပါတယ်။ ဦးဝီရသူက သင်တန်းသားများ အကြံပြုကြသော သင်တန်း၏ အားသာချက် အားနည်းချက်နှင့် အကြံပြုချက်များကို ဖတ်ကြားပြီး ကောင်းသထက်ကောင်းအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 
မနက် ၁၀း၃၀ နာရီမှာ အခမ်းအနား ပြီးဆုံးပါတယ်။ တနင်္သာရီတိုင်း မဘသ အဓိဋ္ဌာန်သုံးချက်ကို ပြိုင်တူရွတ်ဆိုပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုနဲ့ ရုပ်သိမ်းလိုက်ကြပါတယ်။

'တနင်္သာရီ မဘသ အဓိဋ္ဌာန်'
တနင်္သာရီ ကမ္ဘာရှည် ဗုဒ္ဓသာသနာတည်ရမည်။
တနင်္သာရီ ကမ္ဘာရှည် ငါတို့မြန်မာတည်ရမည်။
တနင်္သာရီ မြန်မာပြည် ကမ္ဘာတည်သရွေ့ တည်ရမည်။

(သင်တန်းစရိတ် သိန်းပေါင်း ၂၂၀ ကုန်ကျပါတယ်။ အလှူငွေ သိန်းပေါင်း ၁၄၀ ရရှိပါတယ်။ လိုအပ်သော သိန်းပေါင်း ၈၀ ကို တနင်္သာရီတိုင်း မဘသ ဥက္ကဋ္ဌ ပန်းသုံးဝဆရာတော် ဘဒ္ဒန္တကုသလ က စိုက်ထုတ်လှူဒါန်းသွားမည်ဖြစ်ကြောင်းပါ။ ထို့ကြောင့် အိတ်စိုက်လူမိုက်အဖွဲ့ဟု ခေါ်ပါကြောင်း။)
Share: