အားအားရှိ နှစ်၆၀၊ နှစ်၅၀ ပဲ အာတတ်တဲ့ ငှက်တွေဖတ်ဖို့.......
မေး။ ။ ဦးသိန်းစိန်တုန်းက ပြည်သူလူထုက ကိုယ်မကြိုက်တဲ့အစိုးရကို ပက်ပက်စက်စက်ပြောကြတယ်။ ရေးကြတယ်။ ဦးသိန်းစိန်အစိုးရက သူတို့လည်း လုပ်ချင်ရာလုပ်ခဲ့တယ်။ မီဒီယာတွေရေးတာလည်းအဖက်မလုပ်ခဲ့ဘူး။ NLD အစိုးရ တက်လာပြီး နောက်ပိုင်းအခြေအနေကို စောင့်ကြည့်ကြတယ်။ မဝေဖန်ကြဘူး။ မပြောရဲကြဘူး။ အခုကျတော့ ပြောင်ပြောင်တင်းတင်းကို ဝေဖန်လာကြတယ်။ ရေးသားလာကြတယ်။ အရင် ဦးသိန်းစိန်အစိုးရနဲ့ အခု NLD အစိုးရကို နှိုင်းယှဉ်ဝေဖန်ပါဦးဗျ။ ကိုမင်းဇင်ရဲ့ အားမနာတမ်းဝေဖန်တဲ့ အသံကို ကြားချင်လို့ပါ။
ဖြေ။ ။ ဦးသိန်းစိန် အစိုးရရဲ့ အကန့်အသတ်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မမျှတဘူး၊ မတရားဘူး၊ မဲလိမ်မဲခိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြားထဲက ပေါ်လာတဲ့အစိုးရဖြစ်ပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရဆိုတဲ့အမြင်ရှိတဲ့ အတွက်ကြောင့် သူ့ရဲ့ Legitimacy တရားဝင်မှုက အဲဒါကို ကျော်လွှားဖို့အတွက် ဦးသိန်စိန်အစိုးရက ပုံစံမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ တစ်စုံတစ်ရာအောင်မြင်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဒီ Legitimacy ပြဿနာကိုဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာ တစ်စုံ တစ်ရာအောင်မြင်တယ်လို့ထင်တယ်။
ဥပမာ ငြိမ်းချမ်းရေးကိစ္စဆိုရင် ဦးသိန်းစိန်အစိုးရအဖွဲ့ကို အသိအမှတ်ပြုရမယ့်ကိစ္စပါ။ တစ်ချိန်တည်းမှာပဲ လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ မီဒီယာလွတ်လပ်ခွင့်၊ အသင်းအဖွဲ့နဲ့ပတ်သက်တဲ့ လွတ်လပ်ခွင့်တွေကို တစ်စုံ တစ်ရာဖွင့်ပေးခဲ့တာတွေရှိပါတယ်။
တစ်ချိန်တည်းမှာပဲ အင်မတန်မှအရေးကြီးတဲ့ ဆက်သွယ်ရေးကဏ္ဍမှာ တယ်လီဖုန်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့သုံးနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူလူထုက ဒီ့ထက်ပိုတဲ့ပြောင်းလဲမှုကိုလိုချင် ပါတယ်။ ဒီ့ထက်ပိုတဲ့ပြောင်းလဲမှုကိုလိုချင်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးတာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဟာ ဦးသိန်းစိန်အစိုးရလောက်မှ ထင်ထင်ရှားရှားသက်သေပြစရာမရှိဘူးဆိုလို့ရှိရင် အရင်ခေတ်တွေကိုပြန်အပြစ်ပုံချပြီးတော့ လုပ်နေ တာလောက်နဲ့မလုံလောက်နိုင်ဘူး။
တာဝန်ယူမှု၊ တာဝန်ခံမှုရှိကိုရှိရပါမယ်။ စစ်အစိုးရလက်က ရုန်းထွက်လာတဲ့ ဦးသိန်းစိန် အစိုးရတောင် တစ်စုံတစ်ရာရွေ့အောင် ရွှေ့နိုင်တယ်ဆိုရင် အရပ်သားအစိုးရက ဒီ့ထက်ပိုပြီးဘာဖြစ်လို့မလုပ်နိုင်ရမှာလဲ။ အဲဒီ မေးခွန်းမေးတာ သဘာဝကျပါတယ်။
အဲဒီမေးခွန်းကို ထမင်းရည်ပူရှာလွှဲလုပ်ပြီးတော့ အနှစ် ၆ဝ ကျော်ဖြစ်ခဲ့တာတို့ အနှစ် ၅ဝ ဖြစ်ခဲ့တာတွေပြောတာက တာဝန်မဲ့ရာရောက်ပါတယ်။
ချုပ်ပြောရရင် ဦးသိန်းစိန်လက်ထက်မှာ ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့အခါ ကျတော့ ဦးသိန်းစိန်က စစ်ကိုရပ်စဲဖို့ဆိုပြီးတော့ တစ်ဖက်သတ်ကြေညာပါတယ်။ တပ်မတော်ကလက်မခံပါဘူး။ တပ်မတော် ဘက်ကလက်မခံတဲ့အကြောင်းတရားတွေလည်း အများကြီးရှိပါတယ်။ ဘာပဲပြောပြောတိုင်းရင်းသားတွေဘက်က မြင်တာက တော့ အနည်းဆုံးတော့ ဦးသိန်းစိန်ဟာ တပ်ကိုကဏ္ဍကောစတိုက်ပြီးတော့၊ တပ်နဲ့အမြင်မတူတာကိုလုပ်ပြီးတော့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကြေညာရဲတယ်။ တပ်မတော်ကိုသာ အပြစ်တင်ကြဆိုတဲ့အထိဖြစ်ခဲ့ပါတယ်။
အခုအရပ်သားအစိုးရ လက်ထက်ကျတော့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ၊ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေ၊ ဘာလုပ်မှာလည်း၊ ဘယ်လို ဖြေရှင်းမှာလဲလို့မေးတိုင်းအရပ်သားအစိုးရဘက်ကရှင်းလင်းတဲ့ အဖြေမရဘူးလို့တိုင်းရင်းသားတွေဘက်က အမြဲပြောကြပါတယ်။ ဒါငြိမ်းချမ်းရေးမူဝါဒနဲ့ဆိုင်ပါတယ်။ ဒီနိုင်ငံမှာပြဿနာတွေဖြစ်လာတိုင်း ထမင်းရည်ပူရှာလွှဲလုပ်လို့မရပါဘူး။
ကာလတစ်ခုကြာ သွားလို့ရှိရင်ဖြစ်လာတဲ့ ပြဿနာအကုန်လုံးဟာ ကိုယ့်ပြဿနာဖြစ်လာပါတယ်။ ကိုယ့်ပြဿနာဖြစ်လာတာကလည်းဖြစ်သင့်ဖြစ် ထိုက်လို့ဖြစ်လာတာပါ။ အဲဒါကိုတာဝန်မခံဘူးဆိုရင် လူထုကိုကတိပေးပြီးတော့ ရွေးကောက်ပွဲဝင်တာတို့ ဘာတို့ကယုတ္တိမရှိပါဘူး။
နိုင်ငံရေးသမား အာဏာလိုချင်တယ်ဆိုတာ ပြုပြင်ပြောင်းလဲရေးလုပ်ချင်လို့၊ လုပ်ရင်လည်းအောင်မြင်မယ်လို့ တာဝန်ခံလို့ ယူတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါကိုတောက်လျှောက်ပြောခဲ့ပါတယ်။
အဲတော့ ဝေဖန်တဲ့သူတွေကို အပြစ်တင်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ဘယ်လိုကောင်းအောင်လုပ်မလဲဆိုပြီးတော့ ကြိုးစား သင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝေဖန်လေကန်နေမယ့်အစား ဝိုင်းလုပ်ပါလားလို့ ပြောတဲ့သူတွေလည်းရှိပါတယ်။ ဒါလည်း ယုတ္တိ မရှိပါဘူး။ ဘယ်လိုဝိုင်းလုပ်ရမှာလဲ။ နိုင်ငံတော်ယန္တရား၊ နိုင်ငံတော်အာဏာဆိုတာ အာဏာရှိတဲ့သူတွေက စီမံခန့်ခွဲရတာပါ။ ဘာ လုပ်စေချင်လို့လည်း ပြည်သူလူထုက တောင်းဆိုရမှာပါ။ ဒါပေမဲ့ လုပ်သမျှ ထောက်ခံပါလား၊ ဝိုင်းလုပ်ပါလားလို့ပြောတာ ကလည်း ယုတ္တိမရှိပါဘူး။
အွန်လိုင်းဝဏ္ဏ
The Speaker News Journal အတွဲ ၁ အမှတ် ၁
( ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄- ၃၀ )
( ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄- ၃၀ )