ပြာသိုလဆန်း ၆ ရက်၊ 3.1.2017 ည ၇း၃၀ နာရီ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမတ်ကြီးခုံရွာ၊ ရှမ်းကျောင်းဓမ္မစကူးလ်နှင့် သာသနာ့ဥယာဉ် ပညာဒါနကျောင်း ဒုတိယအကြိမ် အာစရိယပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် အောင်ပွဲ ဓမ္မသဘင်။
အမြန်လမ်းမပေါ်အထိ လာကြိုကြပါတယ်။ ကျောင်းသူကျောင်းသားလေးများက အမြန်လမ်းမှ ကျေးရွာအထိ ဆိုင်ကယ်မစီးဘဲ ကြိုဆိုနေကြတဲ့ ဝတ်စုံတူလူတန်းကြီးကို တွေ့မြင်ရပါတယ်။
အနီးအနားကျေးရွာများမှ စာဖတ်ပရိသတ်၊ ဓမ္မပရိသတ် သံဃာတော်များလည်း ရွာသူရွာသားများနှင့်အတူ လာရောက်အားပေးကြပါတယ်။ ရေတာရှည်မြို့မှ အပျိုကြီးသမဂ္ဂဦးဆောင်ပုဂ္ဂိုလ်များဖြစ်တဲ့ ဒေါ်တင့်တင့်ဆွေတို့ ညီအစ်မတစ်စုက မန်း မဟော်သဓာကျောင်းတော်ကြီးအတွက် အလှူငွေ သုံးသိန်းကျပ် လှူဒါန်းပါတယ်။
ပထမရက်က မြနန်းဆရာတော်ဟောကြားတာပါ။ တရားပွဲမစမီ ယဉ်ကျေးလိမ္မာရင်သွေးရတနာ ဓမ္မစကူးလ်သင်တန်းသူ သင်တန်းသားများအား တောင်ငူမြို့မှ ကလေးအဆိုတော်လေး အိမွန် က ဓမ္မတေးများဖြင့် ဖျော်ဖြေနေတာ တွေ့ရပါတယ်။ ရှမ်းကျောင်းကို ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ်ရောက်ဖူးပါတယ်။ စာကြည့်တိုက်ဖွင့်ပွဲနှင့် တရားပွဲပါ။ ရှမ်းကျောင်းဆရာတော်လေးက သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိထားသလို အလုပ်တော်တော်လုပ်ပါတယ်။ ရှစ်တန်း ကိုးတန်း ဆယ်တန်း ကျောင်းသူကျောင်းသား ၁၅၀ ဦးကို ပညာဒါနသင်ကြားပေးသလို ဓမ္မစကူးလ်အပတ်စဉ်သင်တန်းသူ သင်တန်းသား ၇၀၀ ကျော်ကိုလည်း ရင်ထဲမှာ ဘုရားတည်ပေးခြင်းဖြင့် အဖျက်အဆီးမခံရနိုင်တဲ့ သာသနာကို ပြုစုပျိုးထောင်နေတာ တွေ့ရပါတယ်။
ကွင်းပြင်မှာ မဏ္ဍပ်စီစဉ်ထားပေမယ့် မိုးအခြေအနေကြောင့် ဓမ္မာရုံထဲ ပြောင်းရွှေ့လိုက်ရပါတယ်။ ယဉ်ကျေးလိမ္မာ ရင်သွေးရတနာလေးများ ထွန်းကားရာ ရေတာရှည်မြို့နယ် အမတ်ကြီးခုံရွာ တရားပွဲမှာ ချစ်စရာလေးတွေဖြစ်စေဖို့ မေတ္တာတေးတွေ ဆိုကြစို့ တရားတော် ဟောကြားခဲ့ပါတယ်။


