မိုးပြာ အဓမ္မဝါဒ အား မဘသအဖွဲ့၏ ကြေညာချက်နှင့် ပတ်သက်၍ ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဝီရသူ) နှင့် RFA ဆက်သွယ် လျှောက်ထားမေးမြန်းချက်

RFA - အရှင်ဝီရသူဘုရား ကျန်းမာပါရဲ့လားဘုရား။
ဆရာတော် - ကျန်းမာပါတယ် ဒကာကြီး။
RFA - အရှင်ဘုရားတို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဒီမိုးပြာ အရှင်ဥာဏနဲ့ ပတ်သက်ပြီးတော့ပေါ့လေ။ မဘသ သဘောထားထုတ်ပြန်ချက်လေး တပည့်တော်တို့မြင်တွေ့ရလို့ပါဘုရား။ ဘယ်လိုကြောင့် သဘောထားထုတ်ပြန်တယ်။ နောက်ခံအကြောင်းလေးနဲ့တကွ တပည့်တော်တို့ကို မိန့်ကြားပါဘုရား။
ဆရာတော် - အော် -- မိုးပြာအရှင်ဥာဏရဲ့ဝါဒကို အဓမ္မ၀ါဒအဖြစ်လည်း ကြေညာပြီးသားပါနော်။ နောက် -- သူက အဓမ္မ၀ါဒကြေညာပြီးတဲ့နောက်ပိုင်းမှာ ဒါကိုပဲ ထပ်ခါခါ ကျင့်သုံးနေ ၀ါဒတွေဖြန့်နေတဲ့အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ အစိုးရတွေကလည်းပဲ သူ့ကိုအကြိမ်ကြိမ် အပြစ်ပေးပြီးသားပါ။ အခုနောက်ဆုံး သူထောင်ကထွက်လာတဲ့အခါကျတော့ ဒါကိုပဲကျင့်သုံးဖို့ကို နည်းမျိုးစုံနဲ့ ကြံလာတာကိုတွေ့ရပါတယ်။ အဲဒီလိုကြံလာတဲ့အခါမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကနေပြီးတော့ ကြေညာချက်တွေ ဘာတွေထုတ်ပြီးတော့ တားမြစ်ထားပါတယ်။ အဲဒီတားမြစ်နေတဲ့ကြားကပဲ ဟိုမိုးပြာက မီဒီယာတွေနဲ့ပေါင်းပြီးတော့ သူ့ရဲ့ဝါဒမှိုင်းတွေကို ပြည်သူတွေကို တိုက်ဖို့လုပ်လာတာပေါ့နော်။ အဲဒီအပေါ်မှာ ဦးပဉ္စင်းတို့ မဘသဗဟိုက နိုင်ငံတော် သံဃာ့မဟာနာယကရဲ့ ကြေညာချက်ကို ထောက်ခံတဲ့အနေနဲ့ရောပေါ့၊ ဦးပဉ္စင်းတို့ ထေရ၀ါဒသာသနာဘက်က ရပ်တည်တဲ့အနေနဲ့ရောပေါ့ ကြေညာချက်ထုတ်ပြီးတော့ ကန့်ကွက်ရှုတ်ချလိုက်တာပါ။
RFA - တင်ပါဘုရား။ အဲတော့ ဒီမိုးပြာအရှင်ဥာဏရဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒက ထေရ၀ါဒညှိုးမှိန်ပျက်စီးစေနိုင်တယ်လို့ အရှင်ဘုရားတို့ထုတ်ပြန်ချက်မှာပါပါတယ်။ အဲ့ဒါ ဘယ်အချက်တွေကြောင့် ဘယ်လို ညှိုးမှိန်ပျက်စီးစေနိုင်တာလဲဘုရား။
ဆရာတော် - အကျဉ်းချုပ်ပြောရရင်တော့ သူက ပါဏာတိပါတက လူတွေကိုသတ်မှ ပါဏာတိပါတကံထိုက်တယ်။ တိရစ္ဆာန်တွေကိုသတ်ရင် မထိုက်ဘူးလို့ ဒီလိုလည်း ဆိုထားတာပေါ့နော်။ နောက် အဒိန္နဒါနမှာဆိုရင်လည်းပဲ လူတစ်ဦးတစ်ယောက်ရဲ့ဥစ္စာကို ခိုးမှသာလျှင် အဒိန္နဒါနထိုက်တယ်ပေါ့။ ဟို - အများပိုင်ပစ္စည်းခိုးရင် မထိုက်ဘူး။ ပြည်သူပိုင်ပစ္စည်းခိုးရင် မထိုက်ဘူး။ 
ကာမေသု မိစ္ဆာစာရလည်းပဲ မိန်းကလေးတွေ အလိုတူတယ်ဆိုရင် ကာမေသုမိစ္ဆာစာရကံမထိုက်ဘူးပေါ့။ 
လင်ရှိမယားဖြစ်နေဦးတော့ မယားကအလိုတူတယ်ဆိုလို့ရှိရင် မှီဝဲကောင်းတယ်။ ဆက်ဆံကောင်းတယ်။ အပြစ်မရှိဘူးဆိုတဲ့ ပုံစံမျိုးတွေ အများကြီးပေါ့နော်။ အဲဒါတွေက ဦးပဉ္စင်းတို့ ထေရ၀ါဒသာသနာကို ဖျက်ဆီးရာရောက်တာပေါ့နော်။ ထေရ၀ါဒသာသနာကို ဆန့်ကျင်ရာရောက်တာပေါ့။

RFA - တင်ပါဘုရား။ အဲဒီတော့ မိုးပြာဂိုဏ်းနဲ့ပတ်သက်ပြီးတော့ပေါ့နော် အရှင်ဘုရားရဲ့ သဘောထားကရော ဘယ်လိုဖြစ်စေချင်တာလဲဘုရား။
ဆရာတော် - ဟို - ကိုယ့်ဝါဒ ကိုယ်ယုံကြည်တယ်ဆိုလို့ရှိရင် ကိုယ်ပဲကျင့်သုံးပေါ့ဗျာ။ ထေရ၀ါဒနဲ့မညီဘူး။ ပိဋကတ်တော်နဲ့မညီဘူး။ ဆရာတော် သံဃာတော်တွေက တားမြစ်ထားတယ်။ ကန့်ကွက်ထားတယ်ဆိုလို့ရှိရင် ၀ါဒဖြန့်တာတွေ ဘာတွေမလုပ်ဘဲနဲ့ ကိုယ်ယုံကြည်ရာဝါဒနဲ့ပဲ ကိုယ့်ဟာကိုယ်ကျင့်ပြီး အေးအေးဆေးဆေး နေစေချင်တာပေါ့။ အဲဒီပဲ အေးအေးဆေးဆေးမနေဘဲနဲ့ ဒါကြီးကိုပဲ တွန်းတွန်းတိုက်တိုက်လုပ်နေတယ်ဆိုတော့ သူတို့က သာသနာတော်ရဲ့ အတွင်းရန်သူလိုဖြစ်နေတာပေါ့နော်။ အတွင်းကနေလိုက်စားပြီးတော့ ဖျက်ဆီးမည့်ပုံစံမျိုးဖြစ်နေတာပေါ့နော်။ အဲဒါကို ဦးပဉ္စင်းတို့က လက်မခံဘူး။
RFA - တင်ပါဘုရား။ အဲဒီတော့ ဒီကိစ္စမှာတော့ အရှင်ဘုရားတို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ(ဗဟို)နဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နဲ့က သဘောထား အတူတူပဲပေါ့ဘုရား။
ဆရာတော် - အင်း -- အတူတူပါပဲ ဒကာကြီး။ ရာခိုင်နှုံးအပြည့်ကို သဘောထားတိုက်ဆိုင်တာပေါ့နော်။
RFA - တင်ပါဘုရား။ အဲဒီတော့ဒီ အရှင်ဘုရားတို့ မဘသဗဟိုကရော အခု အမျိုး ဘာသာ သာသနာပြန့်ပွားရေးနဲ့ပတ်သက်ပြီး နောက်ဆုံး လုပ်ဆောင်နေတာများလည်း တပည့်တော်ကို မိန့်ပါဦးဘုရား။
ဆရာတော် - အမျိုး ဘာသာ သာသနာနဲ့ပတ်သက်ပြီးတော့ အစဉ်အတိုင်းပေါ့နော်။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်မြဲအတိုင်းလုပ်နေကြတာပေါ့။ အထူးသဖြင့်တော့ ဒီအစိုးရနဲ့ ထိပ်တိုက်တွေ့ရမည့်ဟာမျိုး၊ နိုင်ငံတော်သံဃမဟာနာယကနဲ့ ထိပ်တိုက်တွေ့ရမည့်ဟာမျိုး ဒါမျိုးကိုရှောင်ကြဉ်ပြီးတော့ တစ်ခြားနည်းလမ်းနဲ့ အလုပ်လုပ်နေကြတာပေါ့နော်။ 
ဥပမာ - ဆိုကြပါစို့။
ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ ဖွင့်ကြတာတို့၊ ဥပဒေသင်တန်းလေးတွေဖွင့်ကြတာတို့၊ တစ်ခြားကာကွယ်ရေး၊ စောင့်ရှောက်ရေးပိုင်းမှာ လုပ်ကြတာတို့၊ ပရဟိတတို့၊ ရေဘေးတို့ အဲဒါမျိုးလေးတွေ ၀ိုင်းပြီးတော့လုပ်နေကြပါတယ်။ ဦးပဉ္စင်းတို့ မဘသ အဖွဲ့ကြီးကို သူတို့တစ်တွေက အမြင်ကပ်တဲ့ပုဒ်မနဲ့ ထပ်ရွှီးလို့မရအောင် အနုနည်းနဲ့ကာကွယ်သွားရအောင် လုပ်နေတာပေါ့နော်။

RFA - တင်ပါဘုရား။ အရှင်ဘုရားမိန့်တဲ့အထဲမှာ ယဉ်ကျေးလိမ္မာသင်တန်းဆိုတာလည်း ပါပါတယ်။ အဲတော့ ကြုံကြိုက်တုန်းတစ်ခုလျှောက်ပါရစေဘုရား။ အခု တပည့်တော်တို့ လူမှုကွန်ရက်ပေါ့နော်။ လူမှုစာမျက်နှာ အထူးသဖြင့် ဒီFacebookပေါ့နော်။ ရေးသားနေကြတာတွေ အင်မတန်ကြမ်းတမ်းတဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေပါနေတာက ယဉ်ကျေးမှုနဲ့တိုက်ရိုက် ဆက်သွယ်နေတာပေါ့ဘုရား။ အဲဒါလည်း အရှင်ဘုရားရဲ့ သဘောထားလေး မိန့်ပါဦးဘုရား။
ဆရာတော် - အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဦးပဉ္စင်းတို့ မဘသအဖွဲ့ကြီးက (၂)နှစ်မြောက်ညီလာခံမှာ ကြေညာချက်ထုတ်ပြီးတော့ကို တင်ပြထားတာပေါ့နော်။ အဓိကကတော့ အဲဒီလိုလုပ်တာဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တယ်ပေါ့။ ဒါကြောင့်မို့လို့ ဘယ်မီဒီယာတွေမှာပဲဖြစ်ဖြစ် ဆိုရှယ်နက်ဝက်ခ်မှာပဲဖြစ်ဖြစ်ပေါ့ ယဉ်ကျေးချိုသာတဲ့စကားနဲ့ မိမိပြောလိုတာကို ထိရောက်အောင်ပြောတတ်ဖို့ တိုက်တွန်းထားတာပါ။ အထူးသဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဆရာတော်သံဃာတော်တွေရဲ့ပုံတွေကို ဖျက်လိုဖျက်ဆီးလုပ်တာတို့၊ နိုင်ငံတော်အကြီးအကဲပေါ့ အခုဆိုလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတကြီးဦးထင်ကျော်တို့၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အဲလိုပုံတွေကိုလည်း ဖျက်လိုဖျက်ဆီးလုပ်တာတွေက ဦးပဉ္စင်းတို့ ဘာသာတရားနဲ့ ဆန့်ကျင်ဘက်ကြီးဖြစ်နေတဲ့အတွက်ကြောင့် ဒါတွေရှောင်ကြဉ်ကြဖို့ သဘောထားထုတ်ပြန်ထားပါတယ်။
RFA - တင်ပါဘုရား။ ကျေးဇူးကြီးပါတယ်ဘုရား။
ဆရာတော် - ဟုတ်ပါပြီဒကာကြီး သာဓုပါပဲနော်။
ပြန်လည်စာစီ။ ၀ိဘဇ္ဇသွေး
Share: