ဖြူးမြို့ ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက် ညီတော်နောင်တော်များနှင့်အတူ

တပို့တွဲလဆန်း ၈ ရက်၊ (4.2.2017) မွန်းလွဲ ၃း၀၀ နာရီ၊ ပဲခူးတိုင်း၊ ဖြူးမြို့၊ ဘူတာတောင်(သမ္မတ)ရပ်ကွက်၊ သီရိမင်္ဂလာ ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက် စာသင်သားသံဃာတော်များအား သြဝါဒပေးပါတယ်။ တိုက်အုပ်ဆရာတော်ကြီး ဦးဥတ္တရ ကြွရောက်ချီးမြှောက်ပါတယ်။ 
ညီတော်မောင် အရှင်မဏိသာရာဘိဝံသနှင့် စာချဆရာတော်လေးများက ဦးဆောင်ပြီး သြကာသကန်တော့ချိုးနဲ့ ရှိခိုးကြပါတယ်။ သြကာသကန်တော့ချိုးနဲ့ ရှိမခိုးမီ အစ္စယော မံ ဘန္တေ အစ္စာဂမာ ယထာဗလံ ယထာမူဠှံ ယထာအကုသလံ ပါဠိတော်များ သံပြိုင်ညီညာ ရွတ်ဆိုကြပါတယ်။ 
ထေရဝါဒသာသနာတော်ရဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ဝန်ချတောင်းပန်မှု စကားရပ်ပါ။ လက်ပံတောင်းတောင် မီးလောင်ဗုံးအရေးအခင်းအပြီး မန္တလေး အတုမရှိကျောင်းတော်ကြီးမှာ ကိုယ်စားတောင်းပန်ကြတဲ့ ဝန်ကြီးအချို့ကို စာရေးသူ ရှေ့ကနေတိုင်ပေးပြီး လိုက်ဆိုခိုင်းတဲ့ တောင်းပန်စကားရပ်ပါ။
အဲဒီဝန်ချတောင်းပန် ပါဠိစကားတွေကို သံဃာတစ်ရာကျော်က သံပြိုင်ညီညာ ရွတ်ဆိုကြတာ ကြည်နူးစရာပါ။ စာရေးသူအတွက်တော့ ပထမဦးဆုံး ကြုံဖူးခြင်းပါပဲ။

စာရေးသူက ပဋ္ဌာန်းတန်ခိုးကြီးပုံရယ်၊ ဘာမဆိုအောင်ရမည် ကဗျာလေးရယ် ရွတ်ဆိုဟောကြားရင်း ငယ်ဘဝဖြတ်သန်းခဲ့ရပုံလေးတွေ ပြောပြမိပါတယ်။ ညီတော်လေးများ စိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ပါ။
ရွှေကျင်တောင်ကျောင်းတိုက်မှာ ဝါဆိုသံဃာတော် ၁၈၀ ကျော်ရှိပါတယ်။ ပဓာန နာယကဆရာတော်ကြီးက ဘဒ္ဒန္တစိန္တိတာဘိဝံသ (သ.စ.အ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ)ပါ။ တိုက်အုပ်ဆရာတော်က ဦးဥတ္တရ (သာသနဓဇ ဓမ္မာစရိယ) အရှင်မဏိသာရာဘိဝံသ (သ.စ.အ ဓမ္မာစရိယ- M.A) စာချဆရာတော် ၆ ပါးရှိပါတယ်။

ခြောက်ပါးလုံး ကျမ်းပြီးဘွဲ့ရတွေပါ။ M.A ဘွဲ့ရထားသူ ၃ ပါးပါ။ စာချတန်းသံဃာ ၁၈ ပါး၊ စာသင်တန်းသံဃာ ၅ ပါး၊ ပထမပြန်သံဃာ ၁၀၀ ကျော်ကို စာဝါပြည့်စုံအောင် သင်ကြားပေးနေတာပါ။

ကျောင်းဝင်းကြီးကလည်း ကျယ်၊ အဆောက်အဦးတွေကလည်း ပေါ၊ ပစ္စည်းလေးပါးလည်း မျှတ၊ စာချဆရာတော်တွေလည်း လုံလောက်၊ စာဝါတွေလည်း ပြည့်စုံလို့ အကျော်မော်တွေထွက်တဲ့ ကျောင်းတိုက်ကြီးပါ။ စည်းကမ်းလည်း ကြီး၊ အနေအထိုင်လည်း ကောင်းမွန်ကြလို့ ယဉ်ကျေးသိမ်မွေ့သော ဆရာကောင်းတပည့်လေးတွေနဲ့ တွေ့ဆုံခွင့်ရရှိတာ ဖြူးခရီးစဉ်ရဲ့ အနဂ္ဃရလာဒ်တစ်ခုပါပဲ။ ညီတော်လေးများ အောင်ပန်းဆွတ်ခူးနိုင်ကြပါစေ။


Share: