
ဤစာမူသည် အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ မြစ်ကြီးနားထောင်မှာနေရစဉ် ထောင်ဝင်စာ လာတွေ့သော တပည့်လေး အရှင်သုမင်္ဂလထံရေးပို့သောစာမူဖြစ်ပါသည်။ အပတ်စဉ်ဖော်ပြသွားပါမည်။
အယ်ဒီတာအဖွဲ့
ဖိုးတွမ်တီးကိုယ်တော်လေး
မစိုးရိမ်တိုက်သစ်မှ နောက်တစ်ပါး ရောက်လာသေးတယ်။ ဘာဏကကျောင်းထွက်...တဲ့။ သူကတော့ တိုက်ထဲမှာ မနေတော့ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ ရွာကအလည်လာခဲ့တယ်။ ရွာပြန်ကာနီး လက်ဆောင်ပေးဖို့ ရွာပြန်လက်ဆောင်သွားဝယ်တယ်။ ပစ္စည်းမကြိုက်လို့ ပြန်လဲတယ်။ ဆိုင်ကလက်မခံလို့ ဆိုင်ရှင်ကို ဘိနပ်နဲ့ ပါးရိုက်ပစ်လိုက်တယ်။
ဆိုင်ရှင်ကတိုင်လို့ သံဃာတွေ ချက်ချင်းကြွလာပြီး ဖမ်းတယ်။ ဒါက သူ့အပြောပေါ့နော်။ သူလည်း သူ့အမှုကို အမှန်အတိုင်း မပြောရဲတဲ့အထဲမှာပါတယ်။ ဘုန်းဘုန်းကို တစ်မျိုးပြော၊ သူများကို တစ်မျိုးပြောနဲ့ သူလည်း မဟန်သူပါပဲ။ ဘုန်းဘုန်းကွယ်ရာမှာဆို ကြံ့ဖွံ့နဲ့ ရန်ဖြစ်ခဲ့တာလို့ ပြောလို့ပြော။ လမ်းဘေးဈေးသည်နဲ့ ရန်ဖြစ်နေတုန်း သန့်ရှင်းရေးအဖွဲ့နဲ့ ပက်ပင်းတိုးလို့ အဖမ်းခံရတာလို့ ပြောလို့ပြော။ စုံနေတော့တာပါပဲ။
အဆုတ်ရောဂါအခံ ရှိတဲ့အပြင် ရဟန်းဘဝမှ အကျဉ်းသားဘဝသို့ ဗြုန်းစားကြီးရောက်လာခဲ့သူဆိုတော့ ဘဝချင်းက မိုးနဲ့မြေ၊ နတ်ပြည်နဲ့ငရဲ မဟုတ်လား။ အရပ်အမောင်းကလည်း ငါးပေတောင် မပြည့်ဘူး။ လူကပိန်ပိန် ခါးကကိုင်းကိုင်း၊ မျက်နှာကလည်း မျက်တွင်းချိုင့်၊ ပိန်ချုံးနေတော့ လူမျက်နှာနဲ့တောင် မတူတော့ပါဘူး။ မျောက်မျက်နှာနဲ့တောင် ပိုတူနေတော့တယ်။ အသားအရည်ကလည်း ခြောက်ကပ်ကပ်။ ရုပ်အဆင်းကလည်း ခပ်မွဲမွဲရယ်။ တကယ့်သနားစရာ ဒုက္ခိတ အစစ်လေးပါ။ စိတ်ကလည်း ပုံမှန်မရှိတော့ပေဘူး။
ရဟန်းဘဝတုန်းကလို အထက်စီးနဲ့ ဆက်ဆံရဖို့နေနေသာသာ။ ရဟန်းလို့လည်း အသိအမှတ်အပြုမခံရ၊ '၂၉၅'နဲ့ကျလာတော့ ပိုပြီးအထင်သေး ခံရတာပေါ့။ အနှိမ်ခံဘဝ၊ အနှိပ်ကွပ်ခံဘဝ၊ အနှိပ်စက်ခံဘဝ၊ အခိုင်းခံဘဝ ရောက်သွားတာကိုး။
သူ့အတွက်ကျတော့ ကျန်းမာရေး အခြေအနေပါ ပူရတာဆိုတော့ ဘုန်းဘုန်းတော်တော် ဒုက္ခရောက်တယ်။ သူက ဆေးရုံတက်ရတယ်လို့ အကြောင်းကြားတော့ ဆေးရုံကို လူလွှတ်ပြီးစုံစမ်းရပြန်ပြီ။ တော်ကြာ ဆေးရုံ မတက်ရဘူး ဖြစ်သွားပြန်ပြီ။ တော်ကြာတစ်မျိုး ခုတစ်မျိုး ခဏ ခဏဖြစ်လာတော့ စိတ်ရှုတ်ရတာပေါ့။ နောက်ဆုံးတော့ ထောင်ဆေးရုံမှာရှိတဲ့ အသိဝန်ထမ်းတွေ၊ အသိအကျဉ်းသားတွေကိုပဲ အသေအချာ မှာထားရတော့တယ်။ သူ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စားစရာတွေ အပြည့်အစုံ ပို့ပေးရတယ်။ သူကဂိလာနဆိုတော့ အလုပ်မလုပ်ရဘူးလေ။ ဒါကြောင့် လုပ်ငန်းကျထဲ ပါမလာတော့တာ။
သူက ပခုက္ကူနယ်ကပါ။ သူပေးတဲ့ ဖုန်းနံပါတ်တွေ ဆက်ပေးတာပဲ။ သူ့နှမတို့၊ သူယောက်ဖတို့ အိမ်လည်း ဆက်သွယ်ပေးတာပဲ လုံးဝမရဘူး။
နောက်တော့ ဘုန်းဘုန်းနဲ့သိတဲ့ ဝန်ထမ်းတစ်ယောက်ကို လွှတ်ပြီး ဖုန်းဆက်ပြီးကြောင်း၊ နှမကကလေး မွေးစဖြစ်လို့ မလာနိုင်သေးကြောင်း၊ မီးတွင်းမှထွက်ရင် လာမည့်အကြောင်း၊ အမွေဆိုင် အိမ်ဝိုင်းရောင်းတာ သိန်း၅ဝ ရကြောင်း၊ သိန်းအစိတ်စီ ခွဲယူကြမှာဖြစ်ကြောင်း၊ လောလောဆယ် ဘုန်းဘုန်းဆီက ယူသုံးထားပြီး သူလာနိုင်မှ ပြန်ဆပ်ပေးမှာဖြစ်ကြောင်း ပြောခိုင်းလိုက်တယ်။ ဝန်ထမ်းကလည်း ဖုန်းဆက်လာတဲ့ပုံစံမျိုးနဲ့ လက်ဝါးမှာ စာတွေတေးမှတ်ပြီး တစ်ခုချင်း ဖတ်ပြ၊ ပြောပြတာဆိုတော့ ဘုန်းဘုန်း လည်းယုံရတာပေါ့နော်။ ဒါနဲ့ ကော်ဖီမစ်တို့ မုန့်တို့အပြင် ဟင်း အဖြစ်စားသောက်နိုင်တဲ့ အကြော်အလှော်တွေပါ ထည့်ပေးလိုက်တယ်။ ကျန်တဲ့လိုအပ်တာတွေ ရေးပေးထားဖို့နဲ့ ဈေးကားနဲ့ မှာပေးမှာဖြစ်ကြောင်း ပြောပြရတယ်။
ဈေးကားဆိုတာ အကျဉ်းသားတွေ လိုအပ်တဲ့ စားစရာ သုံးစရာတွေကို ပုံစံဖြည့်ပြီး လက်မှတ်ထိုး မှာရတာ။ ထောင်မှာ အပ်ထားတဲ့ 'အပ်ငွေ'နဲ့ ထောင်ကသွားဝယ်ပေးရတာ။ အဲဒီလို ဈေးသွားဝယ်ပေးတဲ့ ကားကို ဈေးကားလို့ ထောင်ထဲမှာခေါ်ဝေါ် သုံးစွဲကြတယ်။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ တံမြက်စည်း၊ ခေါင်းလိမ်းဆီ၊ ပန်းကန်ခွက်ယောက် မှအစ စားစရာအမျိုးမျိုး မှာလို့ရတယ်။ နည်းနည်းတော့ ဈေးကြီးတာပေါ့။ သွားခ၊ လာခနဲ့ ကော်မရှင်ခဆိုပြီး ဈေးဖိုးတင်ကြတယ်လေ။
ဒါကြောင့်ပါ။ ၃၅ဝ ကျပ်တန်ကို ၅ဝဝ ကျပ်ပေးရတာမျိုးပေါ့။ လိုအပ်နေချိန် ရအောင်လုပ်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ သိပ် ချေး(ဂျီး)မများရဲကြပါဘူး။
ထောင်ဝင်စာဝေးတဲ့သူ မပြောနဲ့ ဘုန်းဘုန်းတို့လို ၁၄ ရက် တစ်ခါလာတဲ့ သူတွေတောင် ဈေးကားကို မှီခိုနေရတာ တပည့်ဒကာ၊ ဒကာမတွေကိုအသေး အမွှားလေးကအစ ပြောလို့ မှာလို့ မကောင်းဘူးလေ။
ဒါကြောင့် ထောင်ဝင်စာထဲမှာ မပါတဲ့ လိုအပ်တာ မှန်သမျှ ဈေးကားနဲ့ မှာရတော့တာပဲ။ တခြားအလှူအတန်း လုပ်ချင်ရင်လည်း ဈေးကားနဲ့မှာပြီး စုထားရတာ။ ကော်ဖီမစ်တို့၊ ခေါက်ဆွဲခြောက်တို့၊ မုန့်ကြွပ်တို့လိုဟာမျိုးတွေပေါ့။ မွေးနေ့တို့ ဘာတို့ဆို ဘုန်းဘုန်းတို့တိုက်ဝင်းထဲမှ သီးခြား အကျဉ်းသားတွေရော၊ လုပ်ငန်းကျ ပေါ်တာအကျဉ်းသားတွေရော၊ ဆေးရုံမှ အကျဉ်းသားဂိလာနတွေရော။ လူ လေးငါးရာစာလောက် ကျွေးရ၊ တိုက်ရတယ်လေ။ ထောင်တွင်း ကုသိုလ်ပေါ့။
ထောင်ထဲမှာ ကုသိုလ်လုပ်ခွင့် မရှိဘူး။ အလှူလုပ်ခွင့် မရှိဘူး။ အကျဉ်းသား အချင်းချင်းတောင် ပေးခွင့်၊ ကျွေးခွင့် ရှိတာမဟုတ်ဘူး။ အင်အားတောင့်အောင် စည်းရုံးတာ မျိုးထင်ပြီး ပိတ်ပင်ထားကြတာ။ နောက်ပြီး စားနေရရင်၊ ချမ်းချမ်း သာသာနေရရင် နောင်တရကြမှာ မဟုတ်ဘူး။ အငတ်ထားမှဆင်းဆင်း ရဲရဲနေရမှ နောင်ကြဉ်ကြမှာဆိုတဲ့ အယူနဲ့ အငတ်ထား အကြပ်ထားကြတာ တွေ့ရတယ်။ ဘယ်လို အိုင်ဒီယာ ကြီးမျိုးလည်း မသိဘူးနော်။
ဘုန်းဘုန်းအတွေ့အကြုံအရတော့ အဲဒီလိုထားတာ ပိုဆိုးလာကြတယ် ထင်တာပဲ။ ငတ်ရင် ဆင်းရဲရင် ကျဉ်းကျဉ်းကြပ်ကြပ်နေရရင် လူတွေရဲ့ စိတ်က အကောင်းမြင်စိတ်တွေ မရှိတော့ဘူး။ မိုးလင်းမှ မိုးချုပ်၊ ရန်လိုစိတ်တွေ၊ ရန်လုပ်တာတွေ၊ ပြဿနာ ရှာတာတွေနဲ့ပဲ ပြီးနေတော့တာ။ မကောင်းမြင် စိတ်တွေက အားကြီးလာ၊ ဖိစီးလာပြီး တစ်လောကလုံးကို ရန်လုပ်ဖို့ပဲ စိတ်ကူးနေကြတော့တာ။ ဒါကြောင့် အငတ်ထား၊ အကြပ်ထားကြတာချည်းကတော့ လုံးဝကို အလုပ်မဖြစ်တော့ဘူး လို့ထင်တာပဲ။
ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ဒီလို အငတ်ထား၊ အကြပ်ထားမှ လိမ္မာလာမယ်လို့ မြင်နေတာဟာ မကောင်းပါဘူးနော်။ ဘုရားဟောနဲ့ တခြားစီပဲ မဟုတ်လား။
လူတွေကို ယဉ်ကျေးအောင် ဆုံးမနိုင်တာ ဓမ္မတစ်ခုပဲရှိတယ် မဟုတ်လား။ ဓမ္မနဲ့နီးစပ်အောင် ဓမ္မနဲ့ ရင်းနှီးအောင် ဓမ္မကိုကျင့်သုံး နိုင်အောင် လုပ်မပေးဘဲနဲ့ ဘယ်လိုလုပ် လိမ္မာလာမှာလဲနော်။
ဒါပေမဲ့ ဘုန်းဘုန်းတို့ကိုယ်တိုင် အကျဉ်းသားဖြစ်နေတော့ သူတို့ရဲ့အုပ်ချုပ်ရေးထဲ ဝင်မရှုပ်ချင်လို့ သူတို့ကို ဘာမျှ မပြောဖြစ်ပါဘူး။ ကိုယ်နဲ့ နီးစပ်ရာတွေပဲ စာအုပ်တွေ ပေးဖတ်တာတို့၊ တရားပြ နားချတာ တို့ပဲလုပ်ရတာပေါ့။ ဘုန်းဘုန်းတို့ လှူတာကိုလည်း သူတို့ခွင့်ပြုအောင် လက်မှတ်ထိုး လျှောက်လွှာတင်ပြီး တင်ပြလျှောက်ထားရတာပေါ့။ လူစိတ်ရှိတဲ့ထောင်မှူး ထောင်ပိုင်လက်ထက် ဆို နှစ်ခွန်းမပြောရ၊ နှစ်ခါမပြောရပါဘူး။ တန်းရတော့တာပါပဲ။ လူစိတ် အနည်းအကျဉ်းရှိတဲ့ ထောင်မှူး ထောင်ပိုင် ဆိုရင်တော့ အတော် ခက်ခက်ခဲခဲ တွန်းတွန်းတိုက်တိုက် အမုန်းခံ အမိုက်ခံပြီး ပြောမှရတယ်။ လူစိတ်လုံးဝမရှိတဲ့ ထောင်မှူး ထောင်ပိုင် ဆိုရင်တော့ ဓမ္မဘက်က လုံးဝ အရေးနိမ့်တော့တာပဲလေ။ မတတ်နိုင်ဘူးလေ။ ထောင်ဆိုတာ အနတ္တလောက မဟုတ်လား။
ဒီလိုနဲ့ အဲဒီဒုက္ခိတ ၂၉၅ လေးက ဈေးကားနဲ့ပစ္စည်းတွေမှာတော့တာ၊ တစ်ခါမှာရင် မနည်းဘူး။ ငါးထောင် တစ်သောင်းဖိုးကိုမှာတာ ဘုန်းဘုန်းတောင်မှ ငွေကို ဒီလောက်ကြီး သုံးတာ မဟုတ်ဘူး။ တစ်ခါအပ်မှ တစ်သောင်း၊ နှစ်သောင်းရယ်။ နဝကမ္မ အလှူရှင်မပေါ်ရင် မရီးဖြစ်သူ ဒကာမကြီး ငွေထဲကပဲ အိပ်စိုက် အပ်သွားကြတာဆိုတော့ အားနာဖို့ ကောင်းတာပေါ့။
နိစ္စဓူဝကြီးမဟုတ်လား။ ဒါကြောင့် ဘုန်းဘုန်းတောင် ငွေကို အရမ်းကာရော မသုံးစွဲပါဘူး။ သူကတော့ ထောင်ထဲမှာ တကယ့်သူဌေးကြီးလိုပဲ မှာယူသုံးစွဲနေတော့တာ။ ဘုန်းဘုန်းလည်း 'သြော် သူ့အိမ်က တတ်နိုင်တာပဲလေ' ဆိုတဲ့ အတွေးနဲ့ ဘာမျှမပြောဘဲ အမြဲမှာပေးနေရတော့တာပေါ့။ ဒါပေမဲ့ အိမ်ကလည်း မလာပါဘူး။ ဘုန်းဘုန်းပဲ အကုန်ခံရတာပါ။ ဘယ်တတ်နိုင်မလဲနော်။ ကိုယ်က ဆရာဖြစ်နေတာကိုး။ တာဝန်ရှိတာပေါ့။
ဝီရသူ (မစိုးရိမ်)(ဆက်လက်ဖော်ပြပါမည်။)
အတုမရှိ အတွဲ(၃) အမှတ်(၁၉)

