့မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်ခြံစည်းရိုး အဆင်မြှင့်တင်ရေး မောင်တောဒေသခံပြည်သူများလိုလား

မောင်တာ၊ ဇန်နဝါရီ ၃၀
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အဖြစ် ကာရံထားသည့် သွပ်ဆူးကြိုးစည်းရိုးကို ရခိုင်ပြည်နယ် မောင်တောဒေသရှိ ဒေသခံပြည်သူများက ပြန်လည်ပြင်ဆင်ပြီး အဆင့်မြှင့်တင်ရန်လိုလားကြောင်း သိရသည်။
မောင်တောမြို့ အနောက်ဘက် ငါးဖာလုံခန့်အကွာတွင် စိုက်ထူထားပြီး နယ်စပ်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းလွယ်ကူစေရန် ရေးမှတ်ထားသည့် နယ်စပ်ခြံစည်းရိုးတိုင်အမှတ် ၇၉၆၊ ၁၀၆၅၊ ၁၁၈၀ နှင့်အနီးတစ်ဝိုက်တို့တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လွယ်ကူစွာကူးလူးသွားလာနိုင်သည့် ခြံစည်းရိုးအပေါက်ကြီးများ ဖြစ်ပေါ်နေသည်။ 
"ဟိုဘက်နိုင်ငံနဲ့ ဒီဘက်နိုင်ငံ လွယ်ကူစွာသွားလာလိုကြတဲ့သူတွေက ဖျက်ဆီးကြတယ်။ အပေါက်တွေဖောက်ကြတယ်။ သံဆူးကြိုးတွေကလည်း ဆားငန်လေနဲ့ ဆားငန်ရေဒဏ်မခံနိုင်ကြဘူး။ ဖြစ်နိုင်ရန်တော့ အုတ်တံတိုင်းမြင့်မြင့်ခတ်စေချင်တယ်။ နယ်စပ်ခြံစည်းရိုးကို အဆင့်မြှင်တင်စေချင်တယ်။ ဒေသခံပြည်သူတွေအားလုံးကလည်း နယ်စပ်ခြံစည်းရိုးကို သေချာလေးအဆင့်မြှင့်တင်စေချင်ကြပါတယ်။ ဒါမှလည်း နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကို ပိုမိုဆောင်ရွက်နိုင်မယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုလည်း အချိန်နဲ့တပြေးညီဖော်ထုတ်နိုင်မယ်၊ ကာကွယ်နိုင်မှာဖြစ်တယ်"ဟု မောင်တောမြို့ မြို့မိမြို့ဖ ဦးမောင်ဦးသာက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ၁၂၈ ဒသမ ၇၅ မိုင်နှင့် ရေနယ်နိမိတ် ၃၉ ဒသမ ၈၂ မိုင် ထိစပ်လျက်ရှိသည်။ 
၂၀၀၉ ခုနှစ် မတ်လ ၁၃ ရက်တွင် မြန်မာနိုင်ငံဘက်မှ နယ်နိမိတ်မျဉ်း Zero Line နှင့် ပေ ၁၅၀ အကွာ မြန်မာ့နယ်နိမိတ်အတွင်း သွပ်ဆူးကြိုးကာရံခြင်းကို မောင်တောမြို့တောင်ဘက် ကုန်းချောင်းဝမှစ၍ နယ်ခြားမှတ်တိုင် BP 32 အထိ အလျား ၃၈ ဒသမ ၁၀၈ မိုင်ကို သံကူကွန်ကရစ် တစ်ဖက်ချခြံစည်းရိုး ၁၀ ပေအမြင့် သွပ်ဆူးကြိုး ၁၄ တန်းဖြင့် နယ်စပ်ခြံစည်းရိုးကာရံခြင်း ပထမအဆင့်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် BP 32 မှ BP 54 အထိ စုစုပေါင်း ၃၆ ဒသမ ၆၆ မိုင်ကို နယ်စပ်ခြံစည်းရိုးကာရံခြင်း ဒုတိယအဆင့်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ် မေလ ၃၁ တွင် BP 54 မှ BP 66 အထိကို နယ်စပ်ခြံစည်းရိုးကာရံခြင်း တတိယအဆင့်အဖြစ်လည်းကောင်း အပြီးကာရံခဲ့သည်။ သို့သော် BP 66 မှ BP 67 ကြားကိုမူ တောတောင်ထူထပ်ပြီး လူနေထိုင်ခြင်းမရှိသဖြင့် ဆက်လက်ကာရံရန်ကျန်ရှိပြီး BP 31 မှ BP 54 အထိကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်ကြည့်ရှုစစ်ဆေးနိုင်ရန် နယ်စပ်ခြံစည်းရိုးနှင့် ကပ်လျက် ပတ်လမ်းဖောက်လုပ်ထားကြောင်း သိရသည်။

နယ်စပ်ခြံစည်းရိုး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ခြံစည်းရိုးကာရံခြင်း ပထမအဆင့်တွင် ပါဝင်ခဲ့သည့် တည်ဆောက်ရေးတာဝန်ခံတစ်ဦးက "ခြံစည်းရိုးပျက်စီးမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနကတစ်ဆင့် ရန်ပုံငွေချထားပေးမှာဖြစ်ပါတယ်။ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြင်ဆင်ထိမ်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နယ်စပ်ခြံစည်းရိုးအဆင့်မြှင့်တင်စေလိုတဲ့အပိုင်းကတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နယ်စပ်အနေအထားအရ ခိုင်မာတဲ့ခြံစည်းရိုးတွေ တည်ဆောက်မယ်ဆိုရင် ပိုကောင်းပါတယ်။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အပေါက်တွေကိုလည်း တစ်လတစ်ခါနည်းပါး ပြန်လည်ပြုပြင်ပေးနေပါတယ်။"ဟု ပြောသည်။
မောင်ဖိုးဇော် (သတင်းစဉ်)
ဓာတ်ပုံ-မောင်ဇော်
1.2.2017 ကြေးမုံ သတင်းစာ


Share: