(၁)
စာရေးသူ စာသင်သားဘဝ ရန်ကုန်သို့စာဖြေသွားသည့်အခါက ဖြစ်သည်။ ရန်ကုန်မှအပြန်ခရီးတွင် စာရေးသူတို့ ရဟန်းတော်သုံးပါးနှင့် အမျိုးသားတစ်ဦး အတူစီးရ၏။ စာရေးသူတို့နှစ်ပါးက တစ်ခုံ ရဟန်းတော်တစ်ပါးနှင့် လူတစ်ဦးက တစ်ခုံ မျက်နှာချင်းဆိုင် ခုံနံပါတ်ကျ၏။
မျက်နှာချင်းဆိုင်မှာ နေရာရသော သူငယ်ချင်းရဟန်တော်တစ်ပါးနှင့် အတူကျသည့်အမျိုးသားကား အရက်သောက်ထားသူဖြစ်၏။ အရက်သောက်ထားသောဒကာသည် သံဃာတော်များကိုကြည့်လိုက် ရထားလက်မှတ်ကိုကြည့်လိုက်နှင့် တစ်ခုခုကိုစဉ်းစားနေပုံပေါ်၏။ ၎င်းနှင့်အတူထိုင်မည့်ရဟန်းတော်မှာ ခေါင်းကုတ်စိတ်ရှုပ်လျက်ရှိ၏။
အခြေအနေအရပ်ရပ်ကို အကဲခတ်မိသော သုရာပါန ကိုလုလင်သည် သံဃာတော်များအား လက်အုပ်ချီ၍ လျှောက်ထား၏။ တပည့်တော်သောက်ထားလို့ပါဘုရား။
တပည့်တော်ကို အောက်မှာပဲ အိပ်ခွင့်ပြုပါဘုရား ဟူ၏။ အရက်သမားပင်ဖြစ်သော်လည်း ခက်ခက်ခဲခဲဝယ်ယူရရှိထားသော ရှားရှားပါးပါးနေရာကောင်းလေးမှာ သူမထိုင်။ ရထားကြမ်းပြင်မှာ တစ်လမ်းလုံး အိပ်လိုက်လာ၏။ စိတ်ကောင်းရှိသော အရက်သမားတည်း။
(၂)
စာရေးသူ စာချဘုန်းကြီးဘဝကဖြစ်သည်။ စာရေးသူ၏ သူငယ်ချင်းနှင့် အနားယူသွားလေ့ရှိသော ရပ်ကွက်ကျောင်းလေးတစ်ခုရှိ၏။ သူငယ်ချင်း၏ ဆရာရင်းကျောင်းထိုင်သော ကျောင်းကလေးဖြစ်၏။ ထိုကျောင်းလေး၌ တစ်ညသောအခါ အရက်မူးသမားတစ်ဦး အော်ဟစ်ဆူပူနေသည်ကို တွေ့ရပေသည်။
ကားသမားတစ်ဦး၏ ဧည့်သည်ဖြစ်ပြီး ညအခါ အခုလိုပင် အမြဲမူးဆူလေ့ရှိသည် ဆို၏။ ကျောင်းထိုင်ဆရာတော်သီတင်းသုံးရာ အဆောင်နှင့် အတော်ဝေးသောကြောင့် ကျောင်းထိုင်ဆရာတော်မရိပ်မိပါ။ မနက်လင်းလျှင် အကောင်းပကတိဖြစ်နေပြန်၏။ ညကအဖြစ်အပျက်ကိုလည်း လုံးဝ မမှတ်မိရှာပေ။
စာရေးသူတို့ ရောက်သွားသောည၌ ခန်းနေဆရာတော်က စာရေးသူတို့ကို အားနာနေပုံရ၏။ စာရေးသူတို့ကို လက်ကာပြကာ ကွပ်ပျစ်ပေါ်တွင် မူးအော်နေသော အရက်သမားနား ကပ်ထိုင်လျက် အရက်သမားဆဲတိုင်း လိုက်ဆဲနေ၏။
အရက်သမား တစ်ခွန်းအော်လျှင် သူက နှစ်ခွန်းအော်၏။
အရက်သမားတစ်ခါဆဲလျှင် သူက နှစ်ခါဆဲ၏။ အရက်သမား၏ နားဝကို ပါးစပ်တည့်၍ အော်ခြင်း ဆဲခြင်းဖြစ်၏။ အတော်ကြာသော် အရက်သမားက ခေါင်းထောင်ကြည့်၏။ သူ့ကိုဆဲသူကို အသေအချာ အားစိုက်၍ ကြည့်၏။ ဘုန်းကြီးမှန်း သိသွားပုံပေါ်၏။ ခေါင်းပြန်ကျသွား၏။ လုံးဝ မအော်တော့ မဆဲတော့ပေ။ ထို့နောက် နစ်နစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။
(၃)
အရက်မူးသမားပင်ဖြစ်သော်လည်း ဘုန်းကြီးကို လုံးဝ ပြန်မဆဲပေ။ ဘုန်းကြီးဆိုတာ ဝိနည်းသိက္ခာပုဒ်တော်အရ မဆဲကောင်းမှန်း သူသိသည်။ ဘုန်းကြီး ဘာကြောင့်ဆဲသည်ဆိုတာကိုလည်း သူသိသည်။ ဘုန်းကြီးကို ပြန်၍ မဆဲကောင်းမှန်းလည်း သူသိသည်။ ဘုန်းကြီးကို ပြန်၍ မဆဲသင့်မှန်းလည်း သူသိသည်။ ဘုန်းကြီးကို ဘုန်းကြီးမှန်းသိတတ်သော အရက်သမားပင်။
(၄)
လူသားအားလုံး အရက်သမားထက် သာလွန်မြင့်မြတ်သော စိတ်ကောင်း စေတနာကောင်းများ မွေးမြူနိုင်ကြပါစေ။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူထားသူများ သတိပြုဆင်ခြင်နိုင်ကြပါစေသော်…ဝ်။
ဝီရသူ (မစိုးရိမ်)
29.4.2017
PM-6:29
29.4.2017
PM-6:29
Photo: FB
