နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကြေညာချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့
စာအမှတ်။ ၀၀၂/မဟန-၄၇/၃/သာ- မဟန
ရက်စွဲ။ ၁၃၇၈-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ (၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်)

ကြေညာချက်
၁။ ရှင်ဉာဏ (အဘ) ဦးမြဒင်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၁၂/ဥကမ(နိုင်)၁၈၂၀၀၀ ဆိုသူက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးတင်ပြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ မိတ္တူပြု ပေးပို့စာတွင် ၎င်းအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာ ယုံကြည်သူအဖြစ်ကို စွန့်ပစ်ပြီး ပစ္စုပ္ပန်ကမ္မဝါဒကို ပြောင်းလဲလက်ခံကျင့်သုံးနေသူများဖြစ်ကြ၍ ထေရဝါဒဗုဒ္ဓဘာသာဝင်များ မဟုတ်တော့ခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ၏ အမှားအမှန်စိစစ်ချက်များကိုအကြောင်းပြုပြီး အပြစ်ပေးရန်ညွှန်ကြားချက်များကို လိုက်နာရန်မလိုအပ်ကြောင်း တင်ပြထားသည်ကို ဖတ်ရှုသိရှိရပါသည်။

၂။ အဆိုပါအကြောင်းအရာကို တင်ပြသူ ရှင်ဉာဏသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြစာတွင် လက်မှတ်ရေးထိုးရာ၌ “ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ”ဟု ဖော်ပြထားခြင်းမှာ ထေရဝါဒဗုဒ္ဓဘာသာကို စော်ကားခြင်းပင်ဖြစ်သည်။ ၎င်းအနေဖြင့် “ရဟန္တာဖြစ်ပြီ”ဟု ကိုယ်တိုင်ကြေညာခဲ့ခြင်းကြောင့် စစ်ကိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး သံဃဝိနိစ္ဆယအဖွဲ့တို့ကလည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၉)ကလည်းကောင်း၊ ဝိနိစ္ဆယလမ်းကြောင်းနှင့်အညီ စနစ်တကျခုံရုံးဖွဲ့ စစ်ဆေးရာ “ရဟန္တာမဟုတ်ကြောင်း”စစ်ဆေးတွေ့ရှိရသဖြင့် ၁၉၈၃ ခုနှစ်တွင် စတုတ္ထပါရာဇိကကျပြီး လူဝတ်လဲခြင်း ခံခဲ့ရသူဖြစ်ပါသည်။ သို့ပါလျက် “ဓမ္မဝိဟာရီ ရှင်ဉာဏ”ဟု ဖော်ပြခြင်းမှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းသေးသိမ်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။
၃။ ၎င်းပုဂ္ဂိုလ်အား ဓမ္မ အဓမ္မအဖြစ် စစ်ဆေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် ၁၇/၂၀၁၁ က (၁၅.၁၁.၂၀၁၁)ရက်နေ့တွင် ၎င်း၏အယူဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။
၎။ သို့ဖြစ်၍ ၎င်းအနေဖြင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် ၁၇/၂၀၁၁ ၏ ဆုံးဖြတ်ချက်အား လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ဝိနည်းကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြင့် အရေးယူ အပြစ်ပေးခြင်း ခံရမည်သာ ဖြစ်သည်။
၅။ ၎င်းအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာယုံကြည်သူအဖြစ်ကို စွန့်ပစ်ပြီး ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို ပြောင်းလဲလက်ခံကျင့်သုံးနေသူဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် ၎င်းသည် ဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုကို ထူထောင်နေသူဖြစ်ကြောင်း မှတ်ယူရမည်ဖြစ်ပါသည်။
၆။ သို့သော် ဂိုဏ်းသစ်(ဂိုဏ်းခွဲ)များတည်ထောင်ခြင်းနှင့် စပ်လျဉ်း၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၄)အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိရမည်ဟုလည်းကောင်း၊ အခန်း(၂) အပိုဒ်(၈)အရ ၁၃၄၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၂)ရက်၊ ၁၉၈၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂)ရက်၊ စနေနေ့မှစ၍ ဂိုဏ်းသစ်များခွဲခြားတည်ထောင်မှုကို တားမြစ်သည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ ၎င်းအပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)၊ ပုဒ်မ ၃၆၁ တွင် “နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်”ဟု လည်းကောင်း၊ ပုဒ်မ ၃၆၂ တွင်လည်း “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်”ဟု လည်းကောင်း တိကျရှင်းလင်းစွာ ပြဋ္ဌာန်းထားခြင်းကြောင့် “ပစ္စုပ္ပကမ္မဝါဒဗုဒ္ဓဘာသာ”ဟူသော ဘာသာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်း မညီညွတ်သော အသင်းအဖွဲ့သာဖြစ်သည်။
၇။ ၎င်းအပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် ၁၇/၂၀၁၁ က (၁၅.၁၁.၂၀၁၁)ရက်နေ့တွင် ၎င်း၏ အယူဝါဒသည် အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်၍လည်းကောင်း၊ သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးကလည်း မိုးပြာဝါဒနှင့် စပ်လျဉ်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဖွဲ့စည်းပေးသော နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် ၁၇/၂၀၁၁ က အဓမ္မဝါဒဟု ဆုံးဖြတ်ထားသဖြင့် ယင်းအဓမ္မဝါဒနှင့်သက်ဆိုင်သည့် ဟောပြောခြင်း၊ သင်ကြားခြင်း၊ စာအုပ်စာတမ်းများအဖြစ် ရိုက်နှိပ်ဖြန့်ချိခြင်း၊ ကူးယူဖြန့်ချိခြင်းနှင့် အသံဖမ်း၊ စီဒီများဖြင့် အသံသွင်းဖြန့်ချိခြင်း၊ အင်တာနက်တင်ထားခြင်းတို့ကို တားမြစ်ပိတ်ပင်လိုက်သည်ဟု (၁၆.၁၂.၂၀၁၆)ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအပြင် ရာဇသတ်ကြီးဥပဒေ အခန်း (၁၅)၊ ပုဒ်မ ၂၉၅ တွင် “လူတစားကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ်ဝတ်ပြုသော နေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးခြင်းသည် သို့တည်းမဟုတ် ပျက်စီးနစ်နာစေခြင်းသည် သို့တည်းမဟုတ် ယုတ်ညံ့စေခြင်းသည် ထိုဘာသာ သာသနာကို စော်ကားသည်ဟု လူတစားက ယူဆတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို ထိုလူတစားက ဘာသာ သာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုသော နေရာကိုသော်လည်းကောင်း၊ အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း ဖျက်ဆီးလျှင် သို့တည်းမဟုတ် ပျက်စီးနစ်နာစေလျှင်၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု လည်းကောင်း၊ ပုဒ်မ ၂၉၅(က)တွင်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင်နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကျည်းစေရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုသော်လည်းကောင်း၊ ဘာသာသာသနာရေးယုံကြည်မှုကိုသော်လည်းကောင်း စော်ကားလျှင် သို့တည်းမဟုတ် စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု လည်းကောင်း ဖော်ပြထားခြင်းကြောင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာကို စော်ကားရန်အကြံဖြင့်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာကြည်ညိုကိုးကွယ်သူများ၏ ဘာသာရေးစိတ်ကို နာကျည်းစေရန်အကြံဖြင့်သော်လည်းကောင်း ပြုမူဆောင်ရွက်ခြင်းဖြစ်၍ အဆိုပါဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)
ဥက္ကဋ္ဌဆရာတော်
ဘဒ္ဒန္တဥတ္တမဉာဏာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
ဒုတိယဥက္ကဋ္ဌဆရာတော်
ဘဒ္ဒန္တစန္ဒိမာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ)
အကျိုးတော်ဆောင်ဆရာတော်
ဘဒ္ဒန္တဉာဏိန္ဒ
(အဂ္ဂမဟာပဏ္ဍိတ)
ဒုတိယဥက္ကဋ္ဌဆရာတော်




Share: