ဘေဂျင်း၊ ဇန်နဝါရီ ၉
အကြမ်းဖက်သမားဟု သံသယရှိသူသုံးဦးကို တရုတ်အနောက်ပိုင်းရှိ ရှင်ကျန်းဒေသတွင် ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
မွတ်ဆလင် အူဂါလူနည်းစုများနေထိုင်သည့် ရှင်ကျန်းဒေသရှိ ခွဲထွက်ရေးဝါဒီများက အရှေ့တာကစ္စတန်ဟု ခေါ်ဆိုသည့် နိုင်ငံသစ်တစ်ခုကို တည်ထောင်ရန် ကြိုးပမ်းလျက်ရှိပြီး အာရှနှင့် အရှေ့အလယ်ပိုင်းရှိ စစ်သွေးကြွများနှင့် အဆက်အနွှယ်ရှိသည်ဟု တရုတ်အစိုးရက ပြောကြားလျက်ရှိသည်။
အတိတ်ကာလ ပိုးလမ်းမကြီး၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် ရှင်ကျန်းပြည်နယ် ဟိုတန်မြို့တွင် အကြမ်းဖက်အဖွဲ့ဝင်သုံးဦးကို လိုက်ဖမ်းဆီးနေစဉ် အကြမ်းဖက်ခုခံမှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ရှင်ကျန်းဒေသဆိုင်ရာ အစိုးရက ထုတ်ပြန်သွားသည်။
“ဖြစ်စဉ်တွင်းမှာပဲ လူဆိုးတွေကို အသေပစ်သတ်ခဲ့ပါတယ်”ဟု အစိုးရက ပြောကြားသွားသည်။ ယင်းသံသယရှိသူများကို ၂၀၁၅ ခုနှစ် ဧပြီလ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အလိုရှိနေခြင်းဖြစ်သည်ဟု ပြောကြားသွားသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။
ဗဟိုအာရှဒေသ၊ ပါကစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး သယံဇာတပေါကြွယ်ဝသည့် ရှင်ကျန်းဒေသတွင် လွန်ခဲ့သည့်နှစ်များအတွင်း ဒေသခံ အူဂါမူဆလင်များနှင့် ဟန်တရုတ်များအကြား အကြမ်းဖက်မှုပေါ်ပေါက်လာခြင်းကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရသည်။
စစ်သွေးကြွများကြောင့် မတည်ငြိမ်မှုဖြစ်ခြင်းဖြစ်သည်ဟု အစိုးရက ပြစ်တင်သော်လည်း ဒေသခံအူဂါများ၏ ဘာသာရေးနှင့်ယဉ်ကျေးမှုကို တင်းကျပ်စွာထိန်းချုပ်မှုကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများနှင့် ပြည်ပြေးများက ပြောကြားလျက်ရှိသည်။
ရှင်ကျန်းပြည်နယ်တွင် မကြာသေးမီကာလများအတွင်း အဓိကတိုက်ခိုက်မှုကြီးများ မဖြစ်ပွားဘဲ တည်ငြိမ်နေသော်လည်း ဒီဇင်ဘာလအတွင်း ဟိုတန်မြို့ရှိ အစိုးရဆောက်အဦးအတွင်းသို့ တိုက်ခိုက်ရေးသမားသုံးဦး ကားမောင်းဝင်ခဲ့ပြီး ဖောက်ခွဲရန်ကြံစည်နေစဉ် ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။
အဆိုပါဒေသတွင် ဖြစ်ပွားသည့်တိုက်ခိုက်မှုများကို အချိန်ရွှေ့ဆိုင်းပြီးနောက် အစိုးရအဖွဲ့က ထုတ်ပြန်လေ့ရှိသလို နိုင်ငံခြားဂျာနယ်လစ်များ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားသဖြင့် ရှင်ကျန်းပြည်နယ်၏ အခြေအနေများကို သီးခြားအတည်ပြုရေး အခက်အခဲတွေ့နေရသည်။
10.1.2017 The Voice Daily